0
ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်သည့် လုပ်ကွက်များကို သြဂုတ်လဆန်းက တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍတွင် စစ်တပ်၏ပါဝင် ပတ်သက်မှု အားကောင်းနေခြင်းကြောင့် အမေရိကန်သမ္မတ အိုဘားမား၏ စီမံအုပ်ချုပ်ရေးအဖွဲ့က ပတ္တမြားနှင့် ကျောက်မျက်ရတနာ တင်ပို့မှု တားမြစ်ထားခြင်းကို သက်တမ်းထပ်မံတိုးမြှင့်ရန် စီစဉ်လျက်ရှိကြောင်း AP သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ တားမြစ်ချက် သက်တမ်းတိုးရခြင်း အကြောင်းရင်းတွင် ကျောက်မျက်ရတနာ အများစုထွက်ရှိရာ နယ်စပ်ဒေသများ အထူးသဖြင့် ကချင်ပြည်နယ် မြောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲ ဖော်ဆောင်မှုများအစား အစိုးရနှင့် လူမျိုးစု အတိုက်အခံများအကြား အကြမ်းဖက်မှုများ ဖြစ်ပွားနေဆဲ ဖြစ်ခြင်းကလည်း အကြောင်းရင်း တစ်ရပ်အဖြစ် ပါဝင်နေကြောင်း သိရသည်။
မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်တွန်းအား ပေးနိုင်ရေးအတွက် သမ္မတအိုဘားမားက ၂၀၀၃ ခုနှစ်က စတင်ထုတ်ပြန်ခဲ့သည့် အရေးယူ ပိတ်ဆို့မှုများထဲမှ အချို့ကို ဆက်လက်တည်မြဲစေမည့် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
တားမြစ်ချက် သက်တမ်းတိုးရန် ပြုလုပ်ခဲ့သည့် ကွန်ဂရက် အစည်းအဝေးဆိုင်ရာ အချက်အလက်ကို ထုတ်ပြန်ခဲ့သူက ယခုတစ်ပတ်အတွင်း ထုတ်ပြန်ကြေညာခြင်း မပြုမီ ယင်းအစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးနိုင်သည့် အခွင့်အာဏာ မရှိကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်မှုမှ နိုင်ငံရေးအသွင် ပြောင်းလဲလာသော အခြေအနေများကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက အထွေထွေပစ္စည်းများ တင်ပို့မှုကို ဖြေလျှော့ပေးခဲ့သော်လည်း ကျောက်မျက်တင်ပို့မှုနှင့် ပတ်သက်သော ကန့်သတ်မှုများသည် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။
အမေရိကန်နိုင်ငံသည် ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့ပြီးနောက် အပြန်အလှန် ကုန်သွယ်မှု တိုးတက်လာသော်လည်း ပမာဏ နည်းပါးနေဆဲ ဖြစ်သည်။ ၂၀၁၃ ခုနှစ် ပထမသုံးလတာ ကာလအတွင်း အပြန်အလှန် ကုန်သွယ်မှု စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ သန်း ၉၀ ရှိခဲ့ပြီး အမေရိကန်နိုင်ငံသို့ မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ တစ်သန်းရှိခဲ့ကြောင်း သိရသည်။


==============================================================
ကျောက်စိမ်းအပါအ၀င် သတ္တုတွင်းထွက်
တင်ပို့မှု ပမာဏ (အမေရိကန်ဒေါ်လာ၊ သန်း)
ဘဏ္ဍာရေးနှစ် တန်ဖိုး
၂၀၀၆-၂၀၀၇ ၄၉၉ .၃၆၆
၂၀၀၇-၂၀၀၈ ၇၄၁ .၉၉
၂၀၀၈-၂၀၀၉ ၇၀၈ .၁၃
၂၀၀၉-၂၀၁၀ ၁၀၁၇ .၅၇
၂၀၁၀-၂၀၁၁ ၂၂၇၄ .၀၇
၂၀၁၁-၂၀၁၂ ၈၉၇ .၁၁
၂၀၁၂-၂၀၁၃ ၄၄၉ ကျော်

==============================================================

First Eleven Media Group

Post a Comment

 
Top