0
ကမ္ဘောဒီးယားနိုင်ငံ၌ ပြုလုပ်ခဲ့သော (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ ကာလအတွင်း အရပ်ဘက် လူ့အဖွဲ့အစည်းများ စုပေါင်းပြီး ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပမည့် အာဆီယံ လူထုဖိုရမ်တွင် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ အပါအ၀င် တရားမျှတမှုနှင့် လူ့အခွင့်အရေး ဆိုင်ရာများကို ထည့်သွင်းဆွေးနွေးသွားရန် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် သဘောတူညီချက် ရရှိခဲ့ကြောင်း မြန်မာလူထုဖိုရမ်မှ ဆက်သွယ်ညှိနှိုင်းရေးမှူး ကိုကျော်လင်းဦးက ပြောကြားသည်။

အဆိုပါ ဖိုရမ်တွင် ခေါင်းစဉ်ကြီး လေးခုကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေး၊ ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စသည့်အကြောင်းအရာများကို အဓိကထား ဆွေးနွေးပေးသွားရန် မြန်မာနိုင်ငံ အပါအ၀င် အာဆီယံနိုင်ငံများနှင့် သဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့က အာဆီယံ လူထုဖိုရမ်မှာ ထည့်သွင်းဆွေးနွေးမယ့် အကြောင်းအရာတွေကို အာဆီယံ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဒီလထဲမှာပဲ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာ ဘရူနိုင်းနိုင်ငံကလွဲလို့ ကျန်တဲ့အာဆီယံ နိုင်ငံတွေအားလုံး တက်ရောက်ကြပါတယ်။ အာဆီယံ လူထုဖိုရမ် ကျင်းပဖို့အတွက် ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်တဲ့ ကော်မတီကို ဇွန်လအတွင်းက ဖွဲ့စည်းခဲ့ပါတယ်။  အဲဒီ အဖွဲ့အစည်းတွေမှာလည်း အာဆီယံဒေသက အရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်သင့်တယ်လို့လည်း ဆုံးဖြတ်ခဲ့ပါတယ်" ဟု ၎င်းကဆိုသည်။
ယင်းအာဆီယံ လူထုဖိုရမ်ကို ၂၀၁၄ ခုနှစ် မတ် ၂၀ ရက်မှ ၂၂ ရက်အထိ သုံးရက်တိုင်တိုင် ရန်ကုန်မြို့တွင် ပြုလုပ်သွားရန် သဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ အာဆီယံ လူထုဖိုရမ်ကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အာဆီယံ လူထုဖိုရမ်အကြို မြန်မာလူထုဖိုရမ်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာအတွင်း ရန်ကုန်မြို့၌ အကြိုကျင်းပသွားမည်ဖြစ်ပြီး ယင်းဖိုရမ်တွင်လည်း အာဆီယံ လူထုဖိုရမ်တွင် ဆွေးနွေးမည့် အကြောင်းအရာများကိုသာ အဓိကထား ဆွေးနွေးသွားရန်ရှိကြောင်း ယင်းကဆက်လက် ပြောကြားသည်။
အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံ လူထုညီလာခံတွင် အိမ်ရှင်အစိုးရဘက်မှ ဆွေးနွေးခွင့်မပြုသည့် ကန့်သတ်ချက်များ ရှိသောကြောင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြန်မာနိုင်ငံတွင် ယင်းသို့မဖြစ်စေရန် လူထုအသံများကို လွတ်လပ်စွာ ဖော်ပြနိုင်ရန်အတွက် အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် ရှိကြောင်းလည်း သိရသည်။

First Eleven Media Group

Post a Comment

 
Top