ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ ဆိုက်ရောက်ဧရိယာ၌ စုဝေးနေသော ခရီးသည်များ
မြန်မာနိုင်ငံသို့ စီးပွားရေး ခရီးသွား ရောက်မှုသည် ယခုနှစ် နှစ်ဝက်အတွင်း ၁၃၉ ရာခိုင်နှုန်း မြင့်တက်မှု ရှိလာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ၂၀၁၃ ခုနှစ် ဇန်န၀ါရီတွင် စီးပွားရေး ခရီးသွားဦးရေ ၁၂၄၃၆ ဦး၊ ဖေဖော်ဝါရီတွင် ၁၁၀၁၆ ဦး၊ မတ်တွင် ၁၃၂၇၃ ဦး၊ ဧပြီတွင် ၁၀၁၄၆ ဦး၊ မေတွင် ၁၂၁၆၃ ဦး၊ ဇွန်တွင် ၁၂၀၅၈ ဦးဖြင့် စုစုပေါင်း ၇၁၀၉၂ ဦး ၀င်ရောက်ခဲ့ကာ ရာခိုင်နှုန်းအားဖြင့် ၁၃၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၂ ခုနှစ် အလားတူ ကာလ၌ ခရီးသွား ရောက်ရှိမှု အနေဖြင့် ဇန်န၀ါရီတွင် ၇၄၀၂ ဦး၊ ဖေဖော်ဝါရီတွင် ၉၄၂၀ ဦး၊ မတ်တွင် ၉၄၀၈ ဦး၊ ဧပြီတွင် ၆၇၁၉ ဦး၊ မေတွင် ၉၆၃၂ ဦး၊ ဇွန်တွင် ၈၆၆၀ ဦး ၀င်ရောက်ခဲ့သည်။ တစ်နှစ်တာအတွင်း စီးပွားရေး ခရီးသွား ၀င်ရောက်မှုတွင် ၂၀၁၂ ခုနှစ်သည် ၂၀၁၁ ခုနှစ်ထက် မြင့်တက်မှု ရှိခဲ့သည်။
မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံရေးနယ်ပယ်မှ အပြောင်းအလဲများကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ အာရုံစိုက်မှုများ မြင့်တက်လာရာတွင် ကမ္ဘာလှည့် ခရီးသွားများ ၀င်ရောက်မှု တိုးတက်ခြင်းအပြင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် လာရောက်လေ့လာသည့် ခရီးသွားများလည်း မြင့်တက်လာခဲ့သည်။
မြန်မာနိုင်ငံသို့ လုပ်ငန်းကိစ္စရပ်များဖြင့် လာရောက်မည့်နိုင်ငံ ၂၈ နိုင်ငံအတွက် ဆိုက်ရောက်ဗီဇာများကို ၂၀၁၂ ခုနှစ် ဇွန်လ၌ စတင်ခွင့်ပြုခဲ့ပြီး ယခုနှစ်တွင် နိုင်ငံတိုးချဲ့ ခွင့်ပြုခဲ့သည်။
"စီးပွားရေး ခရီးသွားကတော့ ဒီနှစ်လည်းပဲ မြင့်တက်လာနေတာ တွေ့ရတယ်။ အလည်အပတ် ခရီးသွားကလည်းပဲ တက်လာတယ်" ဟု Nature Lovers ခရီးသွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဒင်က ပြောကြားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသွားရောက်ရှိမှုမှာ ယခုနှစ် နှစ်ဝက်တာ ကာလသည် ယခင်နှစ် အလားတူ ကာလထက် ခရီးသွားအမျိုးအစား အသီးသီး၌ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး မိမိအစီအစဉ်ဖြင့် မိမိလာရောက်သော ခရီးသွား ၁၄၁ ရာခိုင်နှုန်း၊ package tour ၁၁၉ ရာခိုင်နှုန်း၊ လူမှုရေးကိစ္စရပ်ဖြင့် လာရောက်သော ခရီးသွား ၁၂၁ ရာခိုင်နှုန်း၊ အခြားခရီးသွား ၂၇၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သော လေယာဉ်ခေါက်ရေမှာ ယခုနှစ် ဇန်န၀ါရီလမှ ဇွန်လအထိ ၅၅၁၄ ခေါက်ဖြစ်ပြီး ယခင်နှစ် အလားတူကာလက ၃၇၃၂ ခေါက် ဖြစ်သည်။
First Eleven Media Group
Post a Comment