0
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင် မုဒိမ်းကျင့် ခံခဲ့ရသည့် မြန်မာ အမျိုးသမီးနှင့် အတူ နေထိုင်သည့် အမျိုးသမီး အလုပ်သမား၂၀၀ ကျော်ကို လုံခြုံသော နေရာသို့ ပြောင်းရွှေ့ ပေးရန် အလုပ်ရှင်နှင့် သဘောတူညီမှု ရရှိထားပြီး လက်ရှိ နေထိုင်နေသည့် အဆောင်တွင်လည်း လုံခြုံရေးများ ချပေးထား ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။ ဂျိုဟိုး ပြည်နယ်ရှိ Panasonic ဖုန်း ထုတ်လုပ်သည့် Flairis Shd Bhd စက်ရုံ တွင် အလုပ် လုပ်ကိုင်နေ သည့် မြန်မာ အမျိုးသမီး လုပ်သားများ နေထိုင် သည့် အဆောင်ကို သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၁၀ နာရီခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီး တစ်ဦးကို ဖမ်းခေါ်သွားကာ မုဒိမ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခဲ့ကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။
အဆိုပါ ပြစ်မှု ကျူးလွန် သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း၊ ယင်းကိစ္စကို အရေးယူပေးရန် အမူဖွင့် ဆောင်ရွက်နေပြီး အမျိုးသမီးများ လုံခြုံရေးအတွက် မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာ အလုပ်သမား အရာရှိက ဆောင်ရွက်ပေး နေကြောင်း ဦးမျိုးအောင်က ဆိုသည်။
မုဒိမ်းကျင့် ခံရသည့် အမျိုးသမီးမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း မြန်မာ အလုပ်သမားများ ထံမှ သိရှိရသည်။ မလေးရှားနိုင်ငံတွင် ယခုနှစ် မေလကုန်နှင့် ဇွန် လဆန်းတို့တွင် မြန်မာ လုပ်သားများကို အုပ်စုလိုက် ဝင်ရောက် အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် မြန်မာ ခြောက်ဦးထက် မနည်း သေဆုံးခဲ့ပြီး အလုပ်သမား စေလွှတ်မှုကိုလည်း ယာယီ ရပ်ဆိုင်းခဲ့သည်။

ရိုးရာလေး

Post a Comment

 
Top