0
ဝန်ကြီးဌာန များတွင် မိုးကျ ရွှေကိုယ်ဟု လူသိများသော အဆင့်မြင့်ပိုင်း ရာထူးများကို သက်ဆိုင်ရာ ၀န်ကြီးဌာန အကြီးအကဲက မိမိတို့နှင့် နီးစပ်သူ တပ်မတော် အရာရှိများအား တိုက်ရိုက်ခန့်၍ မရတော့ဘဲ ရာထူးဝန် အဖွဲ့နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ထံ တင်ပြခွင့်ပြုချက်ရယူပြီးမှ ခန့်ထားရတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
“ဆွဲခန့်တွေကို ခန့်ချင်သလို ခန့်လို့မရ တော့ဘူး။ ဥပဒေအရ လုပ်ရတော့မယ်” ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။ မတ်လ အတွင်း နိုင်ငံတော် သမ္မတက ပြဋ္ဌာန်းခဲ့သည့် နိုင်ငံ့ဝန်ထမ်း ဥပဒေ အခန်း (၃) အပိုဒ် (က) တွင် သက်ဆိုင်ရာ ၀န်ကြီး ဌာနနှင့် အဖွဲ့အစည်း အကြီးအမှူးသည် ၀န်ထမ်းအဖွဲ့အစည်း အသီးသီးရှိ ၀န်ထမ်း အမျိုးအစား အလိုက် သတ်မှတ်သည့် စတင်ခန့် ရာထူးအတွက် ရာထူးဝန်အဖွဲ့က ရွေးချယ်ပေးသော ၀န်ထမ်းများကိုသာ ခန့်ထားရမည်ဟု ဖော်ပြထားသည်။


ထို့အပြင် အပိုဒ် (ခ)တွင် ရာထူးဝန်အဖွဲ့သည် ပုဒ်မ (က) အရ ညှိနှိုင်းလာသည့် အပေါ် စိစစ်ပြီး ပြည်ထောင်စ အစိုးရအဖွဲ့သို့ တင်ပြရမည် ဟုလည်း ဖော်ပြပါရှိသည်။ “အကောင်းဆုံးသော ခြေလှမ်းပဲ။ အားလုံးပြောဆိုနေကြတာ ကြာပြီ။ အခုလို အောင်အောင်မြင်မြင် ပြောင်းလိုက် တာကို အများကြီးကြိုဆိုတယ်” ဟု လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနတွင် တာဝန်ထမ်း ဆောင်ခဲ့သည့် စိုက်ပျိုးရေး ပညာရှင် ဒေါက်တာ ထွန်းဝင်းက ပြောသည်။
ယခင် စစ်အစိုးရ လက်ထက်က ၀န်ကြီး ဌာနများသို့ ပြောင်းလဲ တာဝန်ယူသော ၀န်ကြီးများက အုပ်ချုပ်မှုပိုင်း တာဝန်ယူသော ညွှန်ကြားရေးမှူး ရာထူးကစ၍ ညွှန်ချုပ်ရာထူး များအား ယင်းတို့နှင့် နီးစပ်ရာ တပ်မတော် အရာရှိများအား တိုက်ရိုက် ခန့်ထားခဲ့ကြ ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်အတွင်း လက်ထောက် ညွှန်ကြားရေးမှူးမှ ညွှန်ချုပ်အထိ ရာထူးနေရာ များတွင် အပြောင်းအလဲ ၂၀၀ ခန့် ဖြစ်ခဲ့ရာ ယင်းတို့အနက် ၁၀ ရာခိုင်နှုန်းခန့် ဖြစ်သော ၁၉ နေရာခန့်မှာ တပ်မတော်ဘက်မှ ပြောင်းရွှေ့ တာဝန်ပေးခံရသူ များဖြစ်သည်။
ထိုကဲ့သို့ ကြားမှဝင်ရောက် လာသော မိုးကျရွှေကိုယ် များနှင့် ပတ်သက်၍ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက သာမန်အားဖြင့် အောက်ခြေမှ တက်လာသော ၀န်ထမ်းများ အနေဖြင့် လုပ်ငန်းကျွမ်းကျင်မှု ပိုင်းတွင် ပြောရန် မရှိသော်လည်း ကြားမှ ဖြတ်ဝင်လာသော ပုဂ္ဂိုလ်များ ရှိလာပါက လက်ရှိဝန်ထမ်းများ စိတ်ဓာတ် ကျဆင်း စေနိုင်ကြောင်း၊ ယင်းအပြင် ၀န်ကြီးဌာန၏ လုပ်ငန်းများလည်း အထိုက်အလျောက် ကျဆင်း သွားနိုင်ကြောင်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ပြောကြားသော မိန့်ခွန်း တစ်ခုတွင် ပြောကြား ခဲ့သည်။

Post a Comment

 
Top