Thursday, March 6, 2014

တရုတ် ကာကွယ်ရေး အသုံးစရိတ် ၁၂ ရာခိုင်နှုန်း တိုးသုံးမည်

 တရုတ်ကာကွယ်ရေး အသုံးစရိတ် ၁၂ ရာခိုင်နှုန်း တိုးသုံးမည်










တရုတ် ကာကွယ်ရေး အသုံးစရိတ်ကို ၁၂ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲရန် အမျိုးသားပြည်သူ့ ကွန်ကရက်တွင် စီစဉ်နေခြင်းကြောင့် ၂၀၁၄ ခုနှစ် ကာကွယ်ရေး အသုံးစရိတ်မှာ ဒေါ်လာ ၁၃၂ ဘီလီယံ တန်ဖိုးခန့် ရှိမည် ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ တစ်ဝန်းရှိ ဥပဒေပြု ကိုယ်စားလှယ်ပေါင်း ၃၀၀၀ ကျော် တက်ရောက်သော အမျိုးသားပြည်သူ့ ကွန်ကရက် အစည်းအဝေးတွင် စစ်အသုံးစရိတ် တိုးမြှင့်ရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။
အမျိုးသားပြည်သူ့ ကွန်ဂရက်မှာ တရုတ်နိုင်ငံ၏ ပါဝါ အကြီးမားဆုံး အဖွဲ့အစည်း ဖြစ်ပြီး ဥပဒေများ ပြင်ဆင်ခွင့်၊ အတည်ပြုခွင့် ရှိသည်ဟု ဖော်ပြထားသော်လည်း လက်တွေ့တွင် တရုတ်ကွန်မြူနစ် ပါတီ ဆုံးဖြတ်ချက်ကို အတည် ပြုပေးရခြင်းသာ ဖြစ်သည်။ ထို့အပြင် တရုတ်နှင့် အိမ်နီးချင်း နိုင်ငံများကြား နယ်မြေ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ပေါ်ပေါက်နေချိန်တွင် စစ်အသုံးစရိတ် မြှင့်တင်မည်ဟု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ကာကွယ်ရေး အသုံးစရိတ်ကို ဂဏန်းနှစ်လုံး နှုန်းထားဖြင့် တိုးမြှင့် သွားမည်ဟု တရုတ်နိုင်ငံက တရားဝင် ထုတ်ပြန်ထားပြီး တရုတ် တပ်မတော်၏ အမှန်တကယ် အသုံးစရိတ်မှာ တရားဝင် ထုတ်ပြန်ထားသည့် ပမာဏထက် များပြားကြောင်း လေ့လာ သုံးသပ်သူများက ပြောကြားသည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ စစ်အသုံးစရိတ်မှာ ကာကွယ်ရေး အသုံးစရိတ် ဘီလီယံ ၆၀၀ ကျော်ထိ ရှိသော အမေရိကန် ပြည်ထောင်စုထက် များစွာ လျော့နည်းကြောင်း တရုတ်တို့က ပြန်လည် ထောက်ပြသည်။ ယင်းကဲ့သို့သော ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်မှုကို စိုးရိမ်ကြောင်း ဂျပန်နိုင်ငံက ပြောကြားလိုက်ပြီး ပွင့်လင်းမြင်သာမှု အားနည်းသည်ဟု ဝေဖန်လိုက်သည်။
“ဒုတိယကမ္ဘာစစ် အောင်ပွဲနဲ့ စစ်ပြီးကာလ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်ကို ကျွန်တော်တို့ ကာကွယ်သွားပါမယ်။ သမိုင်းလမ်းကြောင်း ပြောင်းဖို့ လုပ်ဆောင်ချက် မှန်သမျှကို ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု တရုတ်ဝန်ကြီးချုပ် လီကွပ်ချောင်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ တရုတ်နိုင်ငံမှာ ပိုမို ပြင်းထန်လာသည့် မဟာဗျူဟာရေးရာ ဖိအားအောက် ရောက်ရှိနေပြီး အာရှ-ပစိဖိတ်ဒေသမှာ ကမ္ဘာ့ပထဝီ နိုင်ငံရေးနှင့် စီးပွားရေး ဗဟိုချက် ဖြစ်လာခြင်းကြောင်း အချို့သော အဓိက အင်အားကြီး နိုင်ငံများက စစ်အင်အား ချိန်ညှိမှုများ၊ မဟာမိတ်ဖွဲ့မှုများ လုပ်ဆောင်လာကြောင်း တရုတ်စစ်သိပ္ပံ အကယ်ဒမီမှ လေ့လာသုံးသပ်သူ ချန်ဇိုးက ပြောကြားသည်။ 


Ref & Credit to The Voice weekly

ကမ္ဘာ့ အသက်အငယ်ဆုံး နျူကလိယ ဓာတု ပညာရှင်ဖြစ်လာသူ

 kid
ပုံမှာ မြင်တွေ့ နေရတဲ့ ကလေးဟာ အက် ၁၃ နှစ်သာ ရှိသေးတဲ့ ဗြိတိန်နိုင်ငံ က Jamie Edwards လို့ အမည်ရတဲ့ ကျောင်းသား တစ်ဦး ဖြစ်ပါတယ်။
Science ကို အဓိက ထား သင်ကြားတဲ့ ကျောင်း ဖြစ်ပြီး ဓာတ်ခွဲခန်းမှာ ပရောဂျက် ကိုယ်စီ ပြုလုပ်ခွင့် ပေးထား ပါတယ်။ ယင်းသို့ ပြုလုပ်ခွင့် ပေး ထားရာကနေ Jamie ဟာ နျူကလိယ စွမ်းအင် ထုတ်လုပ်မယ့် စီမံကိန်း တစ်ခုကို ကျောင်းအုပ်ကြီးသို့ ပြသပြီး အကောင်အထည် ဖော်ခွင့် ရရှိခဲ့ကြ ပါတယ်။ ပထမ အစ ကတော့ ဒါဟာ အင်မတန် ကြောက်စရာ ကောင်းပြီး အန္တရာယ်များတဲ့ အခြေအေန ဖြစ်တာကြောင့် အံ့သြ သွားကြ ပေမယ့် Jamie ပြ တဲ့ စီမံကိန်းဟာ လုံခြုံမှု အပြည့်အဝ ရှိတယ် ဆိုတာကို သက်သေပြခဲ့ ပါတယ်။ Nuclear Fusion ကနေ ဟီလီယံကို ဖန်တီးမှာ ဖြစ် ပါတယ်။ ယင်း စံမံကိန်း ကြောင့်ပဲ ရက်ပိုင်းအတွင်း တစ်နိုင်ငံလုံး သိရှိသွား ရပြီး ကမ္ဘာ့ သတင်းမီဒီယာများသို့ ပြန့်နှံ့ခဲ့ ပါတယ်။
ဒါကြောင့်မို့ Jamie Edwards ဟာ ကမ္ဘာ့ အသက်အငယ်ဆုံး နျူကလိယ စွမ်းအင် ထုတ်လုပ်သူ ပညာရှင် အဖြစ် အသိအမှတ်ပြု ခံခဲ့ ရပါတယ်။
.
Ref:dailymail
အောင်ခမ်း (ရိုးရာလေး)

ဒုံးကျည် ကာကွယ်ရေးစနစ် အတွက် အစ္စရေးထံမှ နည်းပညာ အိန္ဒိယ ဝယ်ယူ

ဒုံးကျည် ကာကွယ်ရေးစနစ် အတွက် အစ္စရေးထံမှ နည်းပညာ အိန္ဒိယ ဝယ်ယူ









အိန္ဒိယ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်းက ပြည်ပမှ တိုက်ခိုက်လာမည့် ဒုံးကျည်များကို ကာကွယ်နိုင်ရန် အတွက် အစ္စရေး ကာကွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ဆောင်ကာ နည်းပညာများ ဝယ်ယူမှု စတင်ပြီ ဖြစ်ကြောင်း strategy page.com အင်တာနက် စာမျက်နှာက အစိုးရ ထုတ်ပြန်ချက်များကို ကိုးကားလျက် ဖော်ပြထားသည်။
ယင်းနည်းပညာ များဖြင့် ဒုံးကျည် ကာကွယ်ရေး လက်နက်စနစ်များ တည်ဆောက်မည် ဖြစ်ကြောင်းလည်း ဆက်လက် ဖော်ပြထားသည်။ အိန္ဒိယတွင် ယခင်ကတည်းက ဒုံးကျည်ရန် ကာကွယ်ရေး စနစ်များ ရှိပြီးသား ဖြစ်သော်လည်း နည်းပညာ အဆင့်မြှင့်တင်ကာ နောက်ဆုံးပေါ် အစ္စရေးမိုဒယ် စနစ်များကို တပ်ဆင် လိုသောကြောင့် ယင်းသို့ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်သည်။
အိန္ဒိယသည် ပါကစ္စတန်နိုင်ငံနှင့် တင်းမာသော အခြေအနေများ ဖြစ်လျက်ရှိကာ ပါကစ္စတန် နိုင်ငံတွင်လည်း နျူကလီးယား ထိပ်ဖူးများ တပ်ထားသည့် တာတို၊ တာလတ် ဒုံးကျည်များ ရှိနေသည်။ ထို့ပြင် ဒေသတွင်း အဓိက ပြိုင်ဘက် တရုတ်သည်လည်း ရေတပ်အင်အားနှင့် ဒုံးကျည် ပစ်ခတ်ရေး အင်အားများ ယခု ဆယ်စုနှစ်အတွင်း အလွန်အမင်း မြှင့်တင်လာခဲ့ပြီး မကြာသေးခင်ကလည်း စစ်သုံး စရိတ်များကို တိုးမြှင့် အသုံးပြုမည်ဟု ကြေညာထားသည်။
ဒုံးကျည် ကာကွယ်ရေး စနစ်နှင့် စပ်လျဉ်းပြီး အစ္စရေးနှင့် အမေရိကန် ပြည်ထောင်စုတို့သည် နှစ်ပေါင်းများစွာ အတွေ့အကြုံ ပြည့်ဝပြီးသော နိုင်ငံများ ဖြစ်ကြကာ အိန္ဒိယသည် အစ္စရေး၏ လက်နက်များနှင့် စစ်သုံး အီလက်ထရွန်နစ် နည်းပညာတို့ကို အဓိက ဝယ်ယူနေသည့် နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သည်။
အမေရိကန် ကာကွယ်ရေး အပတ်စဉ် ဂျာနယ်ကလည်း အိန္ဒိယ၏ အစ္စရေး နည်းပညာဖြင့် အဆင့်မြှင့်မည့် သတင်းကို အတည်ပြုပေးခဲ့ပြီး အစ္စရေး အစိုးရပိုင် ဒုံးကျည် ကာကွယ်ရေးစနစ် ကုမ္ပဏီနှင့် နောက်ထပ် ကာကွယ်ရေး ကန်ထရိုက် ကုမ္ပဏီ တစ်ခုတို့ အိန္ဒိယ ကာကွယ်ရေး ဌာနနှင့် ပူးပေါင်း လုပ်ဆောင်ကြမည် ဖြစ်ကြောင်း ရေးသားထားသည်။ အစ္စရေး ဒုံးပျံ ကာကွယ်ရေးနစ်တွင် Arrow-3 ဟု အမည်ပေးထားသော စနစ်သည် နောက်ဆုံးပေါ် ဖြစ်ပြီး အမေရိကန် ကုမ္ပဏီ ဘိုးအင်းနှင့် ပူးပေါင်း ထုတ်လုပ်ခြင်း ဖြစ်သည်။
အီရန်၏ ရှီဟတ်-၃ ဒုံးကျည်များကို ကာကွယ်နိုင်ရန် အဓိကပုံစံ ထုတ်ထားခြင်း ဖြစ်ပြီး ယင်းဒုံးကျည်များထက် ပိုပြီး အဆင့်မြင့်သော ပြည်ပ တာလတ်၊ တာတို ဒုံးကျည်များကို ကာကွယ်နိုင်ပေသည်။ ၂၀၀၉ ခုနှစ်ကလည်း အိန္ဒိယရေတပ်နှင့် အစ္စရေး ကာကွယ်ရေးဌာနတို့ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန် စာချုပ် ချုပ်ဆိုခဲ့ပြီး အိန္ဒိယ ရေတပ် သင်္ဘောများအတွက် လေကြောင်းရန် ကာကွယ်ရေး စနစ်များ တပ်ဆင်ရေးကို တာဝန်ယူထားခဲ့ဖူးသည်။


Ref & Credit The Voice Weekly







ခရီးသည်တင် လေယာဉ်အနီး မြောက်ကိုရီးယား ဒုံးကျည် စမ်းပစ်

မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုဟာ တရုတ် ခရီးသည်တင် လေယာဉ်တစ်စင်း ပျံသန်းနေတဲ့ လမ်းကြောင်းနေရာမှာ ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားက ရှုတ်ချလိုက်ပါတယ်။

အင်္ဂ࿿ါနေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ကနေ တရုတ်နိုင်ငံ ရှန်ယန်းမြို့ကို ပျံသန်းတဲ့ လေယာဉ် အဲဒီနေရာကို ဖြတ်မသွားခင် မိနစ် အနည်းငယ်လောက် အလို ကပ်ပြီး မြောက်ကိုရီးယားကနေ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ဒီလို ပစ်လွှတ်ဖို့ မြောက်ကိုရီးယားဘက်က ဘယ်လို ကြိုတင် သတိပေးမှုမှ မလုပ်ခဲ့ဘူး၊ အခြေအနေတွေဟာ ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တယ်လို့ တောင်ကိုရီးယားက ပြစ်တင်လိုက်တာ ဖြစ်ပါတယ်။

ယခင် သီတင်းပတ်ကလည်း မြောက်ကိုရီးယားဟာ သူတို့ရဲ့ အရှေ့ဘက်ကမ်းခြေ ပင်လယ်ပြင်ကို တာတိုဒုံးကျည် တော်တော်များများ စမ်းသပ် ပစ်လွှတ်ခဲ့ပါသေးတယ်။

ဒီပစ်လွှတ်မှုဟာ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်စဉ် ပူးပေါင်းဆောင်ရွက်တဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ တိုက်ဆိုင်ပြီး ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ပြီးခဲ့တဲ့ အပတ်ကလည်း တာတိုဒုံးကျည်တွေ ပစ်လွှတ်ခဲ့

ကော့သောင်းတွင် ဘင်္ဂါလီများ ဖမ်းမိ

ကော့သောင်း၊ မတ် ၅

မြန်မာပိုင်နက် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ဘင်္ဂါလီ ခုနှစ်ဦးကို ကော့သောင်းမြို့နယ် ချောင်းစလန်း ကျေးရွာတွင် မတ်လ ၅ ရက်နေ့ နံနက် ၆ နာရီကျော် အချိန်က ဖမ်းဆီး ရမိခဲ့ကြောင်း ချောင်းစလန်း ကျေးရွာ ရာအိမ်မှူး ဦးကျော်စိုးက ပြောကြားသည်။

ဘင်္ဂါလီများကို မတ်လ ၄ ရက်နေ့ ညပိုင်းတွင် ကော့သောင်းဘက်ကမ်းရှိ ထိုင်းနိုင်ငံဘက်မှ လာပို့မည်ဟု သတင်း ရထားသောကြောင့် တပ်မတော်နှင့် ကျေးရွာ တာဝန်ရှိသူများ ကင်းလှည့် ရှာဖွေသော်လည်း မတွေ့ခဲ့ဘဲ နံနက်ပိုင်းတွင်မှ ယင်းဘင်္ဂါလီလူမျိုး ခုနှစ်ဦးကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ဦးကျော်စိုးက ဆိုသည်။

ဘင်္ဂါလီများသည် ကမ်းပေါ်သို့ စတင် တက်ရောက်လာပြီးနောက် မွတ်ဆလင်ရွာ ရှိသည့် နေရာနှင့် ကော့သောင်းမြို့သို့ သွားရာ လမ်းတို့ကို မေးမြန်းခဲ့ကြောင်း ယင်းကျေးရွာမှ ဥယျာဉ်ခြံ လုပ်ငန်းရှင် ဦးထွန်းလင်းက ပြောကြားသည်။

မလေးရှား နယ်စပ်သို့ ရေကြောင်းမှ ခိုးဝင်လာသည့် ဘင်္ဂါလီ ၇၀ ဦးကို ထိုင်းရေပိုင်နက် အရောက်တွင် ထိုင်းရဲများက ဖမ်းမိခဲ့ပြီး ယင်းတို့အနက် ငွေကြေး ပေးနိုင်သူများကို မလေးရှားသို့ ပို့လွှတ်လိုက်ကြောင်း၊ ငွေမပေးနိုင်သော ခုနှစ်ဦးမှာ မြန်မာပြည်တွင်း ဝင်လာရာမှ ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု ဖမ်းမိသူများက အစစ်ခံခဲ့ကြောင်း ဘင်္ဂါလီများကို စစ်ဆေးခဲ့သည့် အဖွဲ့များထံမှ သိရသည်။

“သူတို့ ပြောတာတော့ ကျန်တဲ့သူတွေကို မလေးရှား နယ်စပ်ကို ပြန်ခေါ်သွားတယ် ဆိုပေမယ့် မသေချာသေးတော့ ကျန်တဲ့သူတွေ ကော့သောင်းမြို့ တစ်နေရာရာမှာ ရှိနေမလား၊ မရှိနေဘူးလား ဆိုတာ ကိုမသိရတဲ့ အတွက် ပါချန်မြစ် တစ်လျှောက်မှာ ရှိတဲ့ ဆိပ်ကမ်းတွေနဲ့ လမ်းဆုံ လမ်းခွတွေမှာ လိုက်ရှာပေမယ့် ညနေ သုံးနာရီအထိ ဘာမှ မထူးဘူး” ဟု ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ဖမ်းမိဘင်္ဂါလီများနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက်ရန် ရှိကြောင်း ကော့သောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ကော့သောင်းခရိုင် လူဝင်မှု ကြီးကြပ်ရေး ဌာနတို့ကို မေးမြန်းရာ ၎င်းတို့ ကိုယ်တိုင်ပင် မသိရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။

ဖမ်းမိ ဘင်္ဂါလီများနှင့်လည်း သတင်းထောက်များနှင့် တွေ့ဆုံ မေးမြန်းခွင့် မရသေးပေ။





Ref & Credit : The Voice Weekly

နိုင်ငံရေးပါတီတွေ ရန်မဖြစ်ကြဖို့ သူရဦးရွှေမန်း တိုက်တွန်း

နိုင်ငံရေးပါတီ အချင်းချင်း ရန်ဖြစ်မနေကြဘဲ သင့်မြတ်ကြဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပအပြီး လွှတ်တော်ရုံးခန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ်တိုက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလိုပြန်လည်ဖြေကြားခဲ့တာပါ။

"အမျိုးသား ပြန်လည်သင့်မြတ်ရေး အရေးကြီးတဲ့အတွက် အမျိုးသားရေးအပေါ်မှာ အခြေခံဖွဲ့စည်းထားတဲ့ ပါတီအချင်းချင်း သင့်မြတ်ဖို့လိုတယ်၊ ရန်ဖြစ်နေ မသင့်ဘူး၊ အရင်တုန်းက ပါတီအချင်းချင်း အပြုတ်တိုက် အပြတ်ရှုင်းပေမယ့်လို့ ပြုတ်လည်းမပြုတ်ဘူး၊ ရှိလည်းရှိနေတယ်၊ အဲဒီလို ရန်တွေဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံဟာ အခုလို အခြေအနေဖြစ်တယ်၊ ဒါမျိုး မိမိတို့ လက်ထက်ကျလို့ရှိရင် ပါတီအချင်းချင်း အပြုတ်လည်း မတိုက်ဘူး၊ အပြတ်လည်း မရှင်းဘူး၊ ရန်သူလည်း သဘောမထားဘူး၊ လုပ်ဖော်ကိုင်ဖက်လို့ သဘောထားတယ်"

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ပြည်ထောင်စုလွှတ်တော် နာယကတို့နဲ့ လေးပွင့်ဆိုင်တွေ့ဆုံဖို့ တောင်းဆိုထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမှုအပေါ် သူ့အနေနဲ့ အသင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ သန်းခေါင်စာရင်းကောက်ယူရေး၊ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပြဌာန်းရေး၊ လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။

ဒီအတောအတွင်း ဦးသိန်းစိန်အစိုးရဟာ လွှတ်တော်မှာ အကောင်အထည်ဖော်ပေးမယ်လို့ အာမခံထားတဲ့ကတိတွေကို ဆောင်ရွက်ပေးဖို့ ပျက်ကွက်နေတယ်လို့ ပြည်သူ့လွှတ်တော်အစိုးရ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်သုံးသပ်ရေးကော်မတီက အစီရင်ခံစာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

RFA Burmese

မိုနာလီဇာပန်းချီကားထဲက လူ အစစ်ကိုတွေ့တော့မည်

အီတလီရှိ အနုပညာ ထောက်လှမ်းသူများ က မိုနာလီဇာ ၏ လျှို့ ၀ှက်သော အပြုံး နောက်ကွယ် မှ အမျိုးသမီး ကို ရှာတွေ့ရန် နီးကပ် လာနေပြီဟု ပြောကြား လိုက်သည်။

လီရိုနာဒို ဒါဗင်ချီ၏ ပန်းချီကား တွင် မော်ဒယ်ပြုလုပ် ပေးခဲ့သည်ဟု ယူဆ ရသည့် လီဆာဂါရာဒီနီ အမည်ရှိ အမျိုးသမီး၏ အရိုးစုကို DNA စစ်ဆေးရန် ကြိုးပမ်းမှုမှာ အောင်မြင် လုနီးပြီဖြစ်သည်။

သမိုင်း ပညာရှင်များက ဖလော ရင့်မြို့အနီး San’tOrsola ရှိ အရိုးစု နမူနာများကို ယူလာခဲ့ပြီး ဂါရာဒီ နီ၏ဆွေမျိုး အချို့၏ အရိုးနမူနာ များနှင့် နှိုင်းယှဉ်ကြည့် ခဲ့ကြသည်။

DNA စစ်ဆေးမှု အောင်မြင် ခဲ့လျှင် အရိုးစုကို ဂါရာဒီနီ၏ မျက်နှာပုံပေါ် လာစေရန် 3D စနစ် ဖြင့် ဖန်တီးပြု လုပ်မည် ဖြစ်ကြောင်း လေ့လာ သုတေသန ပြုခဲ့သည့် ပရော်ဖက်ဆာ ဗင်စီတီက သိရသည်။

““ရှာမတွေ့ ခဲ့ရင်လည်း အနုပညာ သမိုင်း ပညာရှင်များက မော်ဒယ်က ဘယ်သူ ဆိုတာကို ဆက် လက်ရှာဖွေ နေဦးမှာပါ””ဟု ပရော် ဖက်ဆာ ဗင်စီတီက ပြောကြား ခဲ့ သည်။ဆန်းစစ်ချက် ရလဒ်ကို မေလ သို့မဟုတ် ဇွန်လတွင် အသင့်တင် ပြ နိုင်မည် ဟုလည်း ပြောကြား ခဲ့သည်။ ဒါဗင်ချီ၏ ပန်းချီကား မော်ဒယ် ဟုတ် မဟုတ် ခွဲခြား လေ့လာ နိုင်ရန် အတွက် ရာစုနှစ် အတွင်း ပထမဆုံး အကြိမ် အနေဖြင့် ဖလောရင့် တိုင်း မိသားစုဂူ ကို လွန်ခဲ့သည့် နှစ် သြဂုတ်လ က ဖွင့်ခဲ့သည် ဟု သိရ သည်။

အချို့ကမူ အဆိုပါ ပန်းချီကား မှာ ပန်းချီဆရာ ၏ ကိုယ်တိုင် ရေးပုံတူ တစ်ခုဟု ဆိုကြပြီး တချို့က သူတိတ်တခိုး နှစ်သက် နေသော ချစ်သူ အမျိုးသမီး များထဲမှ တစ်ယောက် ဟု ဆိုကြသည်။ အထောက် အထားများ အရ ဒါဗင်ချီက အဆိုပါ ပန်းချီကား ကို သူသေဆုံး ချိန် အထိ သူနှင့်အတူ သိမ်းဆည်း ထားခြင်း ဖြစ်ကြောင်း သိရသည်။ မိုနာလီဇာ ပန်းချီကားကို သက္ကရာဇ် ၁၅၀၃ မှ ၁၅၀၆ ခုနှစ် အကြား ရေးဆွဲခဲ့ခြင်း ဖြစ်နိုင် ကြောင်း ခန့်မှန်း ထားသည်။




Ref & Credit : The Messenger

ထောင်ဒဏ်များ ထက်ဝက်လျှော့၍ စီတန်းလှည့်လည်ခွင့် ဥပဒေ ပြည်သူ့လွှတ်တော် အတည်ပြု

နေပြည်တော်၊ မတ် ၅

နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို အဓိက ဖမ်းဆီး ထောင်ချလျက် ရှိသော ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပုဒ်မ ၁၈ နှင့် ထောင်ဒဏ် ချမှတ်နိုင်သော ပြစ်မှုပုဒ်မများမှ သတ်မှတ် ထောင်ဒဏ်နှစ်များကို ထက်ဝက် လျှော့ချ၍ ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

အဆိုပါ ဥပဒေ၏ ပုဒ်မ (၁၇) ပါ ၂ နှစ်ထက် မပိုသော ထောင်ဒဏ်ဆိုသည့် စကားရပ်ကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဟု လည်းကောင်း၊ ပုဒ်မ (၁၈) ပါ ပြစ်မှု ကျူးလွန်လျှင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဆိုသည့် စကားရပ်ကို ခြောက်လထက် မပိုသော ထောင်ဒဏ်ဟု လည်းကောင်း၊ ပုဒ်မ (၁၉) ပါ ခြောက်လထက် မပိုသော ထောင်ဒဏ်ဆိုသည့် စကားရပ်ကို သုံးလထက် မပိုသော ထောင်ဒဏ်ဆိုသည့် စကားရပ်များဖြင့် အစားထိုး ပြင်ဆင်ကာ အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူးက ပြောကြားသည်။

မူလ ပြဋ္ဌာန်းထားသည့် ဥပဒေ ပုဒ်အမ (၂) ပါ ပြဋ္ဌာန်းချက်ဖြင့် လုံလောက်နေပြီ ဖြစ်သောကြောင့် ပုဒ်မ ၃၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊၂၁ နှင့် ပုဒ်မ ၂၂ တို့ကို ပယ်ဖျက်လိုက်ပြီး အခန်း (၄) ခေါင်းစဉ်ပါ “ခွင့်ပြုမိန့် ထုတ်ပေးခြင်းနှင့် ငြင်းပယ်ခြင်း” ဟူသည့် စာသားတွင် “ငြင်းပယ်ခြင်းကို” ပယ်ဖျက်လိုက်ပြီး “ခွင့်ပြုမိန့် ထုတ်ပေးခြင်း” ဟု ပြင်ဆင်လိုက်ကြောင်း ၎င်းကဆိုသည်။

“ဆန္ဒပြဖို့အတွက် လျှောက်လွှာတင်ရင် ခွင့်ပြုပေးရဖို့ များနေတာက ပြင်ဆင်မှုရဲ့ အဓိက အကောင်းဆုံးချက်ပဲ။ ခွင့်မပြုဘဲ ငြင်းပယ်ရင် သက်ဆိုင်ရာက အကြောင်းပြချက် ခိုင်လုံရမယ်လို့ ဥပဒေမှာ ပါလာပြီ ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

ဆန္ဒပြရန် ခွင့်တောင်းပါက အခြေခံဥပဒေ ပုဒ်မ ၃၅၄ ပါ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးအတွက် ပြဌာန်းထားသည့် ဥပဒေနှင့် ဆန့်ကျင်မှု မရှိလျှင် ဆန္ဒပြခွင့် ရရှိနိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“နည်းဥပဒေမှာ အခွင့်အရေး တင်းကြပ်မှု ရှိ မရှိ ကြည့်ရမယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။


အဆိုပါ ဥပဒေကို ပြင်ဆင်ရန် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစားများ စိစစ်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဌ သူရ ဦးအောင်ကိုက ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၁၈ ကိုဖျက်သိမ်းဖို့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်

      Ref & Credit : The Voice Weekly

Saturday, March 1, 2014

မြန်မာလုပ်သား ငါးထောင်ကျော် ယခုနှစ်အတွင်း တောင်ကိုရီးယားခေါ်မည်

 မြန်မာလုပ်သား ငါးထောင်ကျော် ယခုနှစ်အတွင်း တောင်ကိုရီးယားခေါ်မည်









စက်မှုလုပ်ငန်း များတွင် လုပ်ကိုင်ရန် မြန်မာလုပ်သား ငါးထောင်ကျော်ကို ယခုနှစ် အတွင်း တောင်ကိုရီး ယားနိုင်ငံသို့ ခေါ်ယူမည် ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Choi Yong-il က ပြောကြားသည်။ အဆိုပါ လုပ်သားများကို EPS (Em-plyonment Permit System) စနစ်အရ တောင်ကိုရီးယား အရည်အချင်းစစ် စာမေးပွဲ စစ်ဆေးပြီး ခေါ်ယူမည် ဖြစ်ကြောင်း မြန်မာလုပ်သား ခေါ်ယူရန် တာဝန်ယူ လုပ်ကိုင်နေသည့် HUMAN RESOURCES DEVE-LOPMENT SERVICE OF KOREA မှ ဒါရိုက်တာလည်းဖြစ်သူ ၎င်းကဆိုသည်။
“ရိုးသား ကြိုးစားမှုကြောင့် မြန်မာလုပ်သားတွေကို အလုပ်ရှင်တွေက ကြိုက်ကြတယ်။ ဒါပေမဲ့ တရားမဝင် အလုပ်သမားတွေ ဆိုရင်တော့ ခေါ်ယူတဲ့နေရာမှာ နှောင့်နှေး သွားစေမယ်” ဟု Mr.Choi Yong-il က ပြောဆိုသည်။ တောင်ကိုရီးယားက မြန်မာလုပ်သား ၁၉၀၀ ကျော် ခေါ်ယူရန် ကမ်းလှမ်းထားပြီး နောက်ထပ် တရားဝင် ကမ်းလှမ်းမှု မရှိသေးကြောင်း၊ ကိုရီးယား အရည်အချင်း စစ်စာမေးပွဲကို ၂၀၁၃ ခုနှစ် မေလပိုင်းတွင် ပြုလုပ်ရန် ရှိကြောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းမြင့်က ပြောကြားသည်။
တောင်ကိုရီးယား နိုင်ငံတွင် တရားမဝင် လုပ်ကိုင်နေသော မြန်မာလုပ်သား အရေအတွက် တဖြည်းဖြည်း မြင့်တက်လာပြီး လက်ရှိ စာရင်းအရ တရားမဝင် မြန်မာလုပ်သား ၆၀၀ ဝန်းကျင် ရှိကြောင်း၊ ယင်းသို့ တရားမဝင် လုပ်သား နှုန်းထား မြင့်တက်လာမှုသည် လာမည့် ဒီဇင်ဘာလတွင် နားလည်မှု စာချွန်လွှာ (MoU) သက်တမ်းတိုးရေးကိစ္စကို အနှောင့်အယှက် ဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။
မြန်မာလုပ်သားများ တောင်ကိုရီးယားနိုင်ငံသို့ စေလွှတ်သည့် လုပ်ငန်းစဉ်ကို အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီက တာဝန်ယူသည့် သုံးနှစ်ကျော် အကြာတွင် မြန်မာလုပ်သား ၁၈,၀၀၀ ကျော်ကို စေလွှတ်ပြီး ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောကြားသည်။ EPS စနစ်ဖြင့် တောင်ကိုရီးယား နိုင်ငံက မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ လုပ်သားများ ခေါ်ယူလျက် ရှိသည်။


The Voice Weekly

လွှတ်တော် ကိုယ်စားလှယ် တစ်ဦးရဲ့ စကားအပေါ် ဒါရိုက်တာ ကြည်ဖြူသျှင် တုံ့ပြန်ရှင်းလင်း

 လွှတ်တော် ကိုယ်စားလှယ် တစ်ဦးရဲ့ စကားအပေါ်  ဒါရိုက်တာ ကြည်ဖြူသျှင် တုံ့ပြန်ရှင်းလင်း













 လတ်တလောပြောပြချင် နေတဲ့ အကြောင်း အရာကတော့ ဂျာနယ် တစ်စောင်ရဲ့ မျက်နှာ ဖုံးမှာ ပါလာတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီးပါ။'' လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပေါ်ပြူလာသို့ ရင်ဖွင့်ပြောကြား လာပါတယ်။
''ရေးထားတဲ့ စာကြောင်းက အကြောင်းအရာတွေ အများကြီး ကြားထဲမှာရောပြီး ပါနေတယ်။ ရောပါ နေပေမယ့် အဲဒီတစ်ကြောင်းက ကျွန်မတို့အနုပညာ သမားတွေအတွက် တအား ထိခိုက်တယ်။ အမျိုးသား လွှတ် တော်ကိုယ်စားလှယ် တစ်ဦးရဲ့ အင် တာဗျူးထဲမှာ ပါတာပါ။
အဲဒီ အင်တာဗျူးထဲမှာဆိုရင် မင်းကိုနိုင် သူ့စာအုပ် ထုတ်တယ်။ကြည်ဖြူသျှင်က အကုန် ဝယ်သွားတယ်တဲ့။ မင်းကိုနိုင်ထုတ်တဲ့ ဘယ်စာအုပ်ကို ကြည်ဖြူသျှင်က ဝယ်သွားတာလဲ၊ ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ်။ မင်းကိုနိုင်ထုတ်တဲ့ စာအုပ်ကိုလည်း ကြည်ဖြူသျှင် အကုန် မဝယ်ပါဘူး။ စာဖတ်သူ တစ်ယောက် အနေနဲ့နိုင်ငံ ရေးသမား တစ်ယောက် ကို လေးစားတဲ့ အနေနဲ့ရော၊အနုပညာ သမားတစ်ယောက်အနေနဲ့ပါ လေးစား လို့ ဖတ်ဖို့အတွက် တစ်အုပ်တလေဝယ် တာပါ။ ကိုမင်းကိုနိုင် အနေနဲ့ ထွက်တဲ့ဝတ္ထုဆိုရင် နောက်ကြည့်မှန် ဝတ္ထုပဲ ရှိပါသေးတယ်။ လုံးချင်းအနေနဲ့ ထွက်တာပေါ့လေ။ ဘယ်လိုအထောက် အထားကိုကြည့်ပြီးတော့ ကိုမင်းကို နိုင်ရဲ့ ဝတ္ထုကို ကြည်ဖြူသျှင်က အကုန် ဝယ်သွားတယ်လို့ ပြောရတာလဲ။
ဒီ စကားလုံးက ကျွန်မတို့ အနုပညာသမား တွေ အတွက် တအားထိခိုက်ပါတယ်။ စာဖတ်ပရိသတ်ကိုလည်း စော်ကား ရာ ရောက်ပါတယ်။ ပရိသတ်တွေက ငါတို့တော့ အားပေးလိုက်ရတာ၊ နောက်ဆုံးတော့ ကြည်ဖြူသျှင်က အကုန်ဝယ်တယ်ဆိုတေ့ ဝတ္ထုကို ဝယ်ယူအားပေးကြတဲ့ စာဖတ်ပရိသတ် ကို စော်ကားရာ ရောက်ပါတယ်။ ပြီးတော့ အနုပညာသမား၊ ဒါရိုက် တာတစ်ယောက်ဖြစ်တဲ့ ကျွန်မကို လည်း စော်ကားရာ ရောက်ပါတယ်။ ပြောတဲ့သူကလည်း ကိုယ်ပြောတဲ့ စကားအပေါ်မှာ တာဝန်ယူစိတ်၊ တာဝန်ခံစိတ်ရှိရမယ်။ဂျာနယ်ကလည်း ထည့်တဲ့အခါမှာ ငါတို့ဆီကို ပေးသမျှ အကုန်ထည့် မယ်ဆိုတဲ့ စိတ် မရှိဘဲနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ထည့်သင့် ပါတယ်။
ဒီလိုပဲပြောတဲ့ လူတွေက လည်း ကြားဖူးနား ဝရှိရုံနဲ့မပြောသင့်ပါဘူး။ ခိုင်လုံတဲ့ သက်သေအထောက် အထားရှိရှိနဲ့ပဲ ပြောသင့်ပါတယ်။ အဓိကကတော့ ကျွန်မ ပြောချင်တာက တော့ ကျွန်မတို့ အနုပညာသမားတွေ အတွက် ထိခိုက်လို့ ပြောချင် တာပါ'' လို့ ဒါရိုက်တာကြည်ဖြူသျှင်က ရှင်း ပြပါတယ်။ မကြာခင်ကထွက်ရှိထား တဲ့ 'ကုဋေရှစ်ဆယ်သူဌေးသမီးနဲ့ အမှိုက် ကောက်ဆရာ' ဇာတ်ကားမှာ အခြေခံလူတန်းစားတွေရဲ့ ဘဝအခြေ အနေကို ဒါရိုက်တာကြည်ဖြူသျှင်က ရိုက်ပြထားခြင်းဖြစ်ပြီး အရင်တုန်း ကမရခဲ့တဲ့ ဆင်ဆာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးလည်း အခုအချိန်မှာ ရလာပြီဆိုတာ လည်းပေါ်လွင်လာခဲ့ ပြီဆိုတာကိုလည်း ..
''အရင်တုန်းကဆို ရင် ဒီလိုမျိုး အခြေခံလူတန်းစားတွေရဲ့ ဘဝတွေကို ရိုက်ပြခွင့် မရခဲ့ဘူး။ ဒီလို မျိုးဆင်ဆာလွတ်လပ်ခွင့် ပေးလာတဲ့ အတွက်ကြောင့် ဆင်ဆာလူကြီးတွေကို ကျေးဇူးတင်တယ်။ နောင်လည်း ဒီလိုမျိုးပဲရှေ့ဆက်ပြီး မှန်ကန်တဲ့လမ်း ကြောင်းကနေလွတ်လပ်မှုတွေကို ထပ်ရ စေချင်တယ်''လို့ ဒါရိုက်တာကြည်ဖြူသျှင်က ပြောပြပါတယ်။
မကြာခင်မှာ ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးပြီး ကောင်းပြည့်နဲ့ ခင်ဝင့်ဝါ သရုပ်ဆောင် ထားတဲ့ နတ်သမီးနှင့် ကျွန်တော် ဇာတ် ကားလည်း ထွက်ရှိလာတော့မှာ ဖြစ်ကြောင်းလည်း သိရပြီး လက်ရှိ ရိုက်ကူးပြီးသွားတဲ့ ဇာတ်ကားတွေ အနေနဲ့ပတ်သက်ပြီးလည်း ဒါရိုက်တာကြည်ဖြူသျှင်က ''ရိုက်ထားပြီး သားကားတွေကတော့ ကျိန်စာသင့်တက်တူး၊ ပရော်ဖက်ရှင်နယ် ဇာတ်ကားတွေဆိုရင် ဇာတ်အဆန်းတွေပါပဲ။နောက် ပိုင်းထွက်လာတဲ့ လက်ရာတွေသည် အရင်က ကြည်ဖြူသျှင် လက်ရာတွေ မဟုတ် တော့ဘူး။ လက်ရာအသစ်ပဲ ဖြစ်ရမယ်။'' လို့ ပြောပြ ခဲ့ပါတယ်။


လင်းအက္ခရာ


Popular News Journal

အင်ဒိုနီးရှား အကြမ်းဖက်သမား တစ်ဦးကို ဘရူနိုင်း အစိုးရဖမ်းဆီး

 အင်ဒိုနီးရှား အကြမ်းဖက်သမား တစ်ဦးကို ဘရူနိုင်း အစိုးရဖမ်းဆီး











အရှေ့တောင် အာရှ အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ ဖြစ်သော Jemaah Islamiyah (JI) အဖွဲ့နှင့် ပတ်သက်နေသော အင်ဒိုနီးရှား နိုင်ငံသားတစ်ဦးကို ဘရူနိုင်းအစိုးရက ဖမ်းဆီးလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဖမ်းဆီးလိုက်သော အင်ဒိုနီးရှား နိုင်ငံသား ဒန်နီယယ်ခေါ် Awaluddin Sitorus သည် အင်ဒိုနီးရှား အခြေစိုက် အကြမ်းဖက် အဖွဲ့ဝင်တစ်ဦးဟု ယူဆရကြောင်း ဘရူနိုင်းတိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။
Awaluddin သည် ဘရူနိုင်း နိုင်ငံတွင်းသို့ အကြမ်းဖက်သမားများ ဝင်ရောက် ပုန်းခိုနိုင်စေရန်နှင့် ပြည်ပရှိ အကြမ်းဖက် အဖွဲ့များကို ငွေကြေး ထောက်ပံ့ရေး လမ်းကြောင်းအဖြစ် ဘရူနိုင်းနိုင်ငံကို အသုံးချနိုင်စေရန် ကြံစည်သည်ဟု သံသယ ရှိကြောင်း ဘရူနိုင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပြောကြားချက်ကို ကိုကား၍ ဘရူနိုင်းတိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။ အသက် ၄၀ အရွယ်ရ Awaluddin သည် ၂၀၀၀ ပြည့်နှစ်မေလက အင်ဒိုနီးရှားနိုင်ငံ မေဒန်မြို့တော်ရှိ ခရစ်ယာန် ဘုရားကျောင်း သုံးကျောင်းကို ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် အင်ဒိုနီးရှား အစိုးရက ဖမ်းဆီး၍ တရားရုံးတင် စစ်ဆေးခဲ့သည်။
အဆိုပါအမှုနှင့် ပတ်သက်၍ သံသယရှိသူမှာ လွတ်မြောက်သွားခဲ့ပြီး ခရစ်ယာန် ဘုရားကျောင်း သုံးကျောင်းတွင် ထောင်ထားသော ဗုံးသုံးလုံးအနက် နှစ်လုံးကို ရှာဖွေ ဖျက်ဆီးနိုင်ခဲ့သော်လည်း ကျန်ဗုံးတစ်လုံး ပေါက်ကွဲ ခဲ့ခြင်းကြောင့် လူ ၂၃ ဦးဒဏ်ရာ ရရှိခဲ့သည်။
ယခုဖမ်းဆီးခံခဲ့ရသော သူသည် အင်ဒိုနီးရှားရှိ အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ဖြစ်သော ကွာလာလမ်ပူ မူဂျာဟစ်ဒင် အဖွဲ့ခေါင်းဆောင်နှင့် အဆက်အသွယ်ရှိပြီး၊ ယမန်နှစ်က အကြမ်းဖက်သမားဟု သံသယရှိသူ တစ်ဦးကို ဘရူနိုင်းနိုင်ငံသို့ ဝင်ခွင့်ရစေရန် ကူညီခဲ့သည်ကို စုံစမ်းတွေ့ရှိရကြောင်း ဘရူနိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။ ဘရူနိုင်းနိုင်ငံသည် တင်းကျပ်စွာ ထိန်းချုပ်လေ့ရှိသော မွတ်ဆလင် ပဒေသရာဇ်နိုင်ငံ ဖြစ်သော်လည်း အကြမ်းဖက် အဖွဲ့များကိုမူ ပြင်းပြင်းထန်ထန် နှိမ်နင်းလေ့ ရှိသည်။


The Voice Weekly

ရေထဲကျသော ဖုန်းကို ပြန်ကယ်ဖို့

dunk phone
ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ အလိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။ သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲ ကျသွားရင် ဘာလုပ်ရမလဲ ဆိုတာ သိထားဖို့လိုအပ်ပါတယ်။ အိမ်မှာနေရင်း ဖုန်းက ရေထဲ ကျသွားတယ်ဆိုပါစို့။ ပေါက်ပေါက် ရှာရှာ အိမ်သာခွက်ထဲ ကျတဲ့ သူတွေတောင် ကြုံဖူးပါတယ်။
ပါဝါမဖွင့်ရ
အဲ့ဒီအချိန်မှာ လုံးဝ မလုပ်ရမယ့် အလုပ်က ပါဝါ ဖွင့်ခြင်း ဖြစ်ပါတယ်။ ဖုန်းရေထဲ ကျသွားပြီ ဆိုရင် ရေဘယ်လောက်ပဲ နှစ်နှစ်၊ ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊ များများပဲ စိုစို ပါဝါ လုံးဝ မဖွင့်မိဖို့ အရေးကြီးပါတယ်။
ဖြုတ်နိုင်သမျှဖြုတ်
ဖုန်းရဲ့  ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ဘက်ထရီနဲ့ ဖုန်းက တစ်ဆက်တည်းလို့ ဆိုပါတယ်။ ဒီတော့လည်း မဖြုတ်ယုံပဲ ရှိပါတယ်။ အများစုကတော့ ဘက်ထရီက သက်သက် ဖြစ်ပါ တယ်။ ဘက်ထရီတင်မကပဲ SIM ကဒ်ကိုလည်း ဖြုတ်ရ ပါမယ်။ ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာ မှန်သမျှ အကုန် ဖြုတ်ပေးရပါမယ်။ ရေငွေ့မြန်မြန်ပြန် ရေငွေ့မြန်မြန်ပြန်မယ့် နည်းက နေပူအောက်ထားခြင်း လုံးဝ မဟုတ်ပါဘူး။ ဒါက ဖုန်းကို လုံး ထိခိုက်စေပါတယ်။ နေရဲ့  အပူဒဏ်ကို ဖုန်းမှာ ပါဝင်တဲ့ သတ္တုများက မခံနိုင်ပါဘူး ပိုလို့တောင် ပျက်ဆီးစေပါတယ်။ ဒါကြောင့် ရေငွေ့ အစုပ်မြန်တဲ့ နေရာတစ်ခုခုမှာ ထားရပါမယ်။ အနီးစပ်ဆုံး ဥပမာ ကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။ ဆန်အိုးထဲ နှစ်ထည့်ထားလိုက် ရင် ရေငွေ့ကို အမြန်ဆုံး စုပ်ပေးပါတယ်။ သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထားရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း လုံးဝ အသုံးမပြုရပါဘူး။ လေမှုတ်စက်က အပူဒဏ်လည်း နေပူနဲ့ မခြားပါဘူး။ ပန်ကာနဲ့တော့ ရပါမယ်။ ဘက်ထရီကိုလည်း ထိုနည်းတူစွာ ပါပဲ။ နေပူထဲ လုံးဝ မထုတ်ပဲ ရေငွေ့စင်အောင် ကြိုးစားရပါမယ်။
ဥပမာ- အဝတ်ခြောက်၊ လက်ကိုင်ပုဝါ ခြောက်နဲ့ ထိုင်သုပ် ပေးတာမျိုးတို့ ဖြစ်ပါ တယ်။ ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က အနည်းဆုံး ၂ နာရီလောက်တော့ ကြာပါတယ်။ ရေဝင်တဲ့ အတိုင်းအတာ အလိုက်၊ ရေငွေ့ပြန်နိုင် တဲ့ နှုန်းထားအလိုက် အချို့ ဆို ၂၄ နာရီကြာမှ ပြန်ဖွင့် ပါတယ်။ ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက မိမိရဲ့  ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။ အထက်ပါ ပြီးလို့ ဖုန်းရဲ့  ပါဝါကို ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်တယ်ဆိုရင်တော့ ကံကောင်းသွားသူ ဖြစ်ပါတယ်။ သို့ပေမယ့် ပါဝါ ပွင့်မလာဘူး။ မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။ စက်က ထစ်နေတယ်ဆိုရင်တော့ တကယ် စိတ်မကောင်းစရာ ပါပဲ။ ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ သွားရောက် ပြသနိုင်ပါတယ်။ ဒါဆို အထက်ပါနည်းက ဘာထူးလို့လဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အများကြီး ထူးပါတယ်။ ကိုယ့်ဖုန်းကို ရေကုန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး ဖြစ်တဲ့အတွက် ဆိုင်မှာ ပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့ လွယ်ကူပါတယ်။
ရေခြောက်ပြီး ပုံမှန်အလုပ်လုပ်တယ်ဆိုရင်တောင် ဆိုင်ကို တစ်ခေါက်တော့ သွားပြသင့်ပါတယ်။ အချို့ ဆို ရေတစ်ခါ ထိထားတဲ့အတွက် နောက်မှ touch အလုပ်မလုပ်တော့တာမျိုးတို့ ဖြစ်တတ် လို့ ဖြစ်ပါတယ်။ အထက်ပါ နည်းလမ်းများအတိုင်း ပြုလုပ်သွားမယ်ဆိုရင် မိမိရဲ့  ရေစိုဖုန်းများ မြန်မြန်အသက်ပြန်ရှင်နိုင်ပါတယ်။ သို့တည်းမဟုတ် အပြင်မှာ သွားရင်း လာရင်း ဖြစ်တယ် ဆိုရင်လည်း အိမ်မှာ ရှိတဲ့ facility များလို အနီးစပ်ဆုံး နည်းလမ်းများကို အသုံြး့ပုရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း သွားရင်းလာရင်း ဖြစ်တတ်လို့ ဖြစ်ပါတယ်။ ကိုယ်ဖြစ်တဲ့ နေရာက ဆိုင်နဲ့နီးနေရင် ပိုတောင် အဆင်ပြေပါသေးတယ်။ သို့ပေမယ့် ဖုန်းများ ရေထဲ မကျအောင်၊ ရေမစိုအောင် ထားဖို့ကတော့ စာဖတ်သူတို့ တာဝန်သာ ဖြစ်ပါတယ်။ 

Aung Kham ( www.smart.com.mm )

ကမ္ဘာ့ အကြီးဆုံး အဝေးကြည့်မှန်ပြောင်း

ကမ္ဘာ့ အကြီးဆုံး အဝေးကြည့်မှန်ပြောင်း

ဘယ်လောက်ကြီး သလဲဆိုတာရင် ကြည့်တဲ့ မှန်ကပင် ၁၀.၄ မီတာ ရှိပါတယ်။ အဝေးကို ကြည့်မယ်ဆိုရင် ကမ္ဘာ၏ အနီအောက်(ရောင်ခြည်) ထိအောင် မြင်နိုင်ပါတယ်။ =
ကမ္ဘာ့ အကြီးဆုံး အဝေးကြည့်မှန်ပြောင်းကြီးကို ဒေါ်လာ ၁၈၀ သန်း အကုန်အကျ ခံကာ စပိန်နိုင်ငံမှ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ နည်းပညာ ကတော့ အမေရိကန် နှင့် မက္ကစီကိုတို့မှ ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။
တောင်ပေါ်တောင်အောက် တွေကို ရှင်းလင်း ပြတ်သားစွာ မြင်နိုင်ပါတယ်။ အဝေးရှိ ကျွန်းတွေကိုလည်း မြင်နိုင်တဲ့ မပြင် လေထုညစ်ညမ်းမှု ရှိ မရှိကိုတောင် မြင်နိုင်တဲ့ အဝေးကြည့်မှန်ပြောင်း ဖြစ်ပါတယ်။
ဘာလို့ ဒီလောက်ကြီးတဲ့ အဝေးကြည့်မှန်ပြောင်းကို တည်ဆောက်ရသလဲ ဆိုတော့ နိုင်ငံပိုင်ကျွန်းများကို အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုစောင့်ကျပ်နိုင်ခြင်း အခြားနေရာ ဒေသရှိ ပြဿနာများကို မှန်ပြောင်းဖြင့် ကြည့်ကာ ဖြေရှင်းပေးနိုင်အောင် ပြုလုပ်ပေးထားခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူလူထု၏ ကျန်းမာရေးအတွက် လေထုညစ်ညမ်းမှုတွေကို ကြည့်ရှုပေးနိုင်ခြင်းရန် မုန်တိုင်းများ ကျရောက်ပါက အချိန်မှီပြန်ကြား ထုတ်လွှင့်ပေးနိုင်ခြင်းနှင့် အခြားသော အရာများအတွက် အကုန်အကျခံ ဆောင် ရွက်ပေးထားခြင်း ဖြစ်ပါတယ်။  

ကျော်လင်းနိုင် (www.smart.com.mm)

အင်တာနက်လိုင်း မြန်အောင်လုပ်နည်း

increse internet

နဂိုရှိမှ နားကိုင်းထွက် ဆိုသလို နဂိုအဝင် အင်တာနက် လိုင်းမကောင်းရင် ကိုယ်ရမယ့် Output အင်တာနက်လိုင်းကလည်း မကောင်းနိုင်ပါဘူး။ ဒီကြားထဲ Waste ဖြစ်သွားတာတွေလည်း မိမိ ကွန်ပြူတာ တစ်လုံးတည်းမှာ တင် အများကြီးရှိနေတတ်တော့ မကောင်းတဲ့ ကော်နက် ရှင်က တက်ကို မလာဘူး ဖြစ်သွားရပါရော။ ဒီလို အလဟဿ ဖြစ်သွားမယ့် Bandwidth တွေကို Waste မဖြစ်ပဲ အပြည့်အဝ အသုံးချလိုက်ရင် အင်တာနက် ကော်နက်ရှင်က အနည်းနဲ့အများ ပြန်တက် လာမှာတော့ အမှန်ပါပဲ။ လုပ်ပုံလုပ်နည်းလေးက အောက်ပါ အတိုင်း ဖြစ် ပါတယ်။
၁။ Bndwidth မြင့်ခြင်း
Start Menu >Run > gpedit.msc ဟူသော စာကို ရိုက်> Enter ခေါက်။ Screen ဘယ်ဘက်က administrative templates ကိုရွေး> Network ကိုရွေး> QoS packet scheduler ကို click နှိပ်>limit reservable bandwidth ကို click နှိပ်။ Enabled ပြောင်း၊ Bandwidth ကို 0 သို့ထား။ လက်ရှိ အင်တာနက် မြန်နှုန်းထက် ၂၀ ရာခိုင်နှုန်းတက်ပါတယ်။ ၂။ Window network socket reset လုပ်ခြင်း OS တစ်ခုကနေ အချက်အလက်တွေကို ပို့ဖို့အတွက် network socket များအား အသုံးပြုပါတယ်။ သူတို့က ကြာလာရင် overload ဖြစ်ပြီး အင်တာနက်အသုံးပြုရလေးစေပါတယ်။
run>cmd ရိုက် enter ခေါက်> command prompt တက်လာရင် netsh winsock reset စာကိုရိုက် Enter ခေါက်> ပြီးရင် ကွန်ပြူတာကို Restart လုပ်ရပါမယ်။ ဒီလောက်ဆိုရင်မြန်သင့်သလောက် မြန်လာမယ့်လို့ ထင်ပါတယ်။ အခြားနည်းလမ်းများ ရှိရင်လည်း စာဖတ်သူတို့ လာရောက် မျှဝေ နိုင်ပါတယ်။ 


Aung Kham ( www.smart.com.mm )

NLD ပါတီအား ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်က ဒုတိယအကြိမ် စာမျက်နှာပေါ်မှ တိုက်ခိုက်

 
ရန်ကုန်၊ ဖော်ဖော်ဝါရီ ၂၆

အာဏာရ ကြံ့ခိုင်ရေးပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ)၌ ဒေါ်အောင်ဆန်းစုကြည် မှလွဲ၍ ကျန်သောသူများမှာ အသုံးမကျသူဖြစ်ကြောင်း Hot News နှင့် တွေ့ဆုံ မေးမြန်းခန်း ဖြေဆိုမှု၌ ထည့်သွင်း ပြောဆို တိုက်ခိုက်ခဲ့သည်။

Hot News ဂျာနယ်အတွဲ (၄)၊ အမှတ် (၁၈၁) ၌ ““NLD မှာ ဒေါ်အောင်ဆန်းစုကြည်က လွဲရင် ကျန်တဲ့ကောင်တွေ တစ်ကောင်မှ သောက်သုံး မကျဘူး””ဟု ပြောဆို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယခုကဲ့သို့ NLD ပါတီအား စာမျက်နှာပေါ်မှ တိုက်ခိုက်ခြင်းမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ်အဖြစ် ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းကလည်း မြန်မာသံတော်ဆင့် ဂျာနယ်မှ တစ်ဆင့် NLD ပါတီအား တိုက်ခိုက် ခဲ့ဖူးသည်။

၂၀၁၅ ရွေးကောက်ပွဲ၌ NLD အနေဖြင့် ကိုယ့်ပုံကိုယ် မပြရဲသူများသာ ထွက်ပေါ်လာမည် ဖြစ်ကြောင်း၊ ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း NLD မှ မဲဆွယ်သည့် အခါတွင်လည်း ကိုယ့်ပုံကိုယ် မပြရဲဘဲ ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံကိုသာ သုံးခဲ့ကြောင်း၊ မိမိတို့ ကြံ့ခိုင်ရေးပါတီမှ ၀င်ရောက် ယှဉ်ပြိုင်သူ၏ ဓာတ်ပုံဖြင့်သာ မဲဆွယ်စည်းရုံးခဲ့ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင်လည်း ဗိုလ်ချုပ် အောင်ဆန်း ပုံနှင့် ဒေါ်အောင်ဆန်း စုကြည်ပုံသာ ဖော်ပြပြီး မိမိပုံမဖော်ဘဲ ရွေးကောက်ပွဲ ၀င်ပြိုင်မည်ဆိုပါက သတ္တိမရှိလို့ဘဲ”” ဟူ၍ Hot News ဂျာနယ်ပါ တွေ့ဆုံမေးမြန်းခန်း၌ ဦးလှဆွေက ပြောကြားထားသည်။ …

ထို့ပြင် လွှတ်တော်အတွင်း၌လည်း NLD မှ ရွေးကောက်ခံရသည့် ကိုယ်စားလှယ်များမှာ ဘာမှ ပြောရဲသူများ မဟုတ်ကြောင်း၊ လွှတ်တော်အတွင်း နင်လား၊ ငါလား အစိုးရကို အတိုက်အခံ လုပ်သူများမှာ ကြံ့ခိုင်ရေး အမတ်များသာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ချင်းတောင်သို့ မသွားရန်နှင့် ကျန်းမာရေး ထိခိုက်မည်စိုး၍ ပြောဆိုခြင်းဖြစ်ကြောင်း၊ ထို့ပြင် NLD အနေဖြင့်လည်း တိုင်းရင်းသား ဒေသများတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မလုပ်ဘဲ တိုင်းရင်းသားများကိုသာ  ပေးသင့်ကြောင်းလည်း အဆိုပါ အင်တာဗျူး၌ ပါရှိသည်။

ယခုကဲ့သို့ ကြံ့ခိုင်ရေး ကိုယ်စားလှယ် ဦးလှဆွေက NLD ပါတီအား စာမျက်နှာပေါ်မှ မတိုက်ခိုက်ခင် ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းကလည်း NLD တွင် ဒေါ်စုကြည်ပဲ ရှိကြောင်း၊ နောက်လိုက် သိပ်မရှိကြောင်း မြန်မာသံတော်ဆင့် ဂျာနယ်အတွဲ(၂)၊ အမှတ်(၄၃)ပါ တွေ့ဆုံမေးမြန်းခန်း၌ ပြောကြား ခဲ့ဖူးသည်။

““ဟိုတုန်းက ကြံ့ခိုင်ရေးရဲ့ အတိုင်ပင်ခံဆိုတဲ့ ပုဂ္ဂိုလ်ကြီးကလည်း ဒီစကားကို ပြောခဲ့ပြီးပြီ။ ဒီချုပ်အမတ်တွေ လွှတ်တော်ထဲမှာ မေးခွန်းမမေးဘူးဆိုတာ ဘာမေးစရာလိုမလဲ။ အကုန်လုံး စည်းဝါးရိုက်ပြီးတော့ လွှတ်တော် ထဲမှာ ဘာမှ ဟုတ်တိပတ်တိ ပြောတာမှ မဟုတ်ဘဲ။ ပြောလို့လည်း မထူးတဲ့ဟာတွေ ရှိနေတယ်။ အဲဒါကြောင့် မေးသင့်မှပဲ မေးတယ်။ ဒီချုပ် လွှတ်တော်အမတ်တွေက မတန်ဘဲနဲ့ မပြောဘူး။ တန်မှပြောတယ်လို့ ယူဆတယ်”” ဟု NLD သဘာပတိ ဦးဝင်းတင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာသံတော်ဆင့်၌ ဖော်ပြခဲ့သည့် အဆိုပါ တွေ့ဆုံမေးမြန်းခန်း၌ပင် ဦးအောင်သောင်းက ““အာဃာတတွေနဲ့ လက်စားချေလိုတဲ့ နိုင်ငံရေးသမား၊ အာဃာတကို ဖော်ဆောင်နေတဲ့ နိုင်ငံရေးသမား၊ မကျေနပ်ချက်ကို အခြေခံပြီး ဖြစ်လာတဲ့ နိုင်ငံရေးသမား၊ အခွင့်အရေးရမလား ဆိုပြီးတော့ ၀င်လာတဲ့ နိုင်ငံရေးသမား ဖြစ်နေတယ်”” ဟူ၍လည်း NLD နှင့် ပတ်သက်၍ ဖြေကြားခဲ့သည်။

Hot News ဂျာနယ်ပါ ဦးလှဆွေ၏ ပြောကြားချက်နှင့် ပတ်သက်၍““မနာလိုဝန်တိုဖြစ်ပြီး အင်တာဗျူးမှာ ဒီလိုဝေဖန် တာကတော့ ပြည်သူတွေကပဲ ဆုံးဖြတ်ကြမှာပါ။ သူက မနာလိုဝန်တို ဖြစ်ပြီး လျှောက်ပြောနေတော့ ဘယ်ဖြစ်မလဲဗျာ။ မြတ်စွာဘုရားတောင် ဒေ၀ဒတ်ရှိသေးတာပဲ။ ကျွန်တော်တို့က သည်းခံရမှာပေါ့။ ဒေါ်အောင် ဆန်းစုကြည်ကို ဖော်ပြချင်ရင် သူ့ရဲ့အဖေ ဗိုလ်ချုပ်အောင်ဆန်းလည်း ပါမှာပေါ့ဗျာ။ အဖေ မပါဘဲနဲ့ ဘယ်ဖြစ် မလဲ။ ဘယ်မျိုးရိုးစဉ်ဆက်ကနေ နိုင်ငံတော်အတွက် ဦးဆောင်လာကြတာကို အစဉ်အလာလေးတွေနဲ့ ဖော်ထုတ်ရမှာပေါ့””ဟု NLD နာယက ဦးတင်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြည်သူအများစု လက်မခံသည့် အခြေခံဥပဒေအား ပြင်ဆင်၍ ရွေးကောက်ပွဲ အား သန့်ရှင်းလွတ်လပ်စွာ ကျင်းပမည် ဆိုပါက လက်ရှိ ကြံ့ခိုင်ရေးပါတီ အမတ်များအနေဖြင့် နေရာရမှာ မဟုတ်ကြောင်း၊ ရွေးကောက်ပွဲကသာလျှင် အဆုံးအဖြတ် ပေးသွားမည် ဖြစ်ကြောင်း NLD သဘာပတိ ဖြစ်သူ ဦးဝင်းတင်က ပြောသည်။

““ဒေါ်အောင်ဆန်းစုကြည်မှ တစ်ပါး ကျန်တဲ့သူတွေ အသုံးမကျဘူးဆိုရင် ဒေါ်အောင်ဆန်စုကြည်ကို ကြံ့ခိုင်ရေးက ဘာလို့ ကန့်ကွက်သေးလဲ။ ဒီချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်တစ်ယောက် ရှိသေးတယ်။ ကြံ့ခိုင်ရေးမှာ ဘယ်သူရှိသေးလဲ။ ဒေါ်အောင်ဆန်းစုကြည်လို အရည်အချင်းရှိတဲ့ သူတစ်ယောက်နားမှာ ၀န်းရံ နေတဲ့ ဒီချုပ်က လူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထက်မြက်တဲ့ အရည်အချင်းတွေ ရောင်ပြန်ဟပ်လာပြီး ခေါင်းဆောင် အရည်အချင်းရှိတဲ့သူ၊ တန်ဖိုးရှိတဲ့သူတွေ ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ကြံ့ခိုင်ရေးမှာတော့ အဲဒီလိုလူမျိုး တစ်ယောက်တောင် မရှိတဲ့အတွက် ကြံ့ခိုင်ရေး အသုံးမကျဘူးလို့ ပြောမယ်ဆိုရင်တောင် ဦးလှဆွေအပါအ၀င် အကုန်လုံး ဘယ်သူမှ အသုံးမကျဘူးလို့ ပြောရမှာပဲ”” ဟု ဦးဝင်းတင်က ပြောသည်။

MH-0025

Myanmartandawsint Newspaper

မတ်လ(၁)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

 


မတ်လ(၁)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ


ဒေါင်းယူဖတ်ရှုနိုင်ပါပြီခင်ဗျား


မြင်းမူ မြို့နယ်တွင် ရဲတပ်ဖွဲ့နှင့် ဒေသခံများ ရုန်းရင်းဆန်ခတ် ဖြစ်ပွား

 
မန္တလေး၊ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း ဒေသကြီး မြင်းမူမြို့နှင့် ၁၄ မိုင်ခန့် ဝေးသော ပဒတ္ထိုင်း စံပြ ကျေးရွာတွင် မူလက ရွေးချယ်ထားသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးကို အတည်ပြုနိုင်ခြင်း မရှိသဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရွေးချယ်ပွဲ ထပ်မံ ပြုလုပ်ရာ ကျေးရွာ ဒေသခံများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ဋ္ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာ အုပ်ချုပ်ရေးမှူး လာရောက် ရွေးချယ်ပေးမှုကို ကန့်ကွက်ကြကြောင်း၊ ယင်းကန့်ကွက်မှုကို ရဲတပ်ဖွဲ့ဝင်များက ဟန့်တားရန် လုပ်ဆောင်ရာမှ ကျေးရွာ ဒေသခံများနှင့် ယင်းကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်း ဖြစ်ကြောင်း အဆိုပါ ကျေးရွာ ဒေသခံများက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ယင်းသို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်း မရှိကြောင်း အဆိုပါရုံး တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြန်လည် ဖြေကြားသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ် ရွေးချယ်ရန် ခရိုင်မြို့နယ် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် အင်အား ၇၀ ဦးခန့်သည် ယင်းကျေးရွာသို့ လာရောက်ကာ ရွေးချယ်ပွဲကို ကြီးကြပ်ပေးကြောင်း အဆိုပါ ဒေသခံများထံမှ သိရှိရသည်။

လက်ရှိတွင် ဆယ်အိမ်စုမှူး ကိုယ်စားလှယ်များသာ ရွေးကောက် တင်မြှောက်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပျက်ပြယ်ခဲ့ကြောင်း ယင်းဒေသခံ ဦးသိန်းဝင်းက The Voice သို့ ပြောကြားသည်။

ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေသို့ မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည် ဖြေဆိုရန် ငြင်းဆိုသည်။

စစ်ကိုင်းတိုင်း ဒေသကြီး မြင်းမူမြို့နယ် ပဒတ္ထိုင်း စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ရာ ပြည်သူ အများစု၏ ဆန္ဒဖြင့် ဦးကျော်ဆွေသည် ဆယ်အိမ်စုမဲ ၄၇ မဲဖြင့် အနိုင်ရ ရွေးချယ် ခံခဲ့ရသော်လည်း မြို့နယ်အဆင့် တာဝန်ရှိသူများက ယနေ့တိုင် အတည်ပြု ပေးနိုင်ခြင်း မရှိခဲ့ကြောင်း ယင်းကာလက ရွေးကောက်ခံရသူ ဦးကျော်ဆွေက The Voice သို့ ပြောကြားသည်။

ရပ်မိရပ်ဖ ငါးဦးဖြင့် ကြီးကြပ် ရွေးချယ်ရမည် ဖြစ်သော်လည်း သုံးဦးကသာ လုပ်ငန်း ကြီးကြပ် ဆောင်ရွက်ခဲ့သဖြင့် မြို့နယ်က မိမိ အနိုင်ရရှိသည်ကို အတည်ပြု မပေးခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“အများပြည်သူ ဆန္ဒနဲ့ ဦးကျော်ဆွေကို ရွေးချယ်ခဲ့တာပါ။ ပြည်သူ့ဆန္ဒ အတိုင်းသာ ဖြစ်သင့်ပါတယ်။ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်တဲ့ အုပ်ချုပ်ရေးမှူးကိုပဲ အလိုရှိပါတယ်” ဟု ယင်းကာလက ကြီးကြပ် ရွေးချယ်ရေး အဖွဲ့တွင် ပါဝင်ခဲ့သူ ဦးသိန်းဝင်းက ဖြည့်စွက် ပြောကြားသည်။

ယင်းကျေးရွာတွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ကျေးရွာသူ၊ ကျေးရွာသား အများစုက လက်မခံခြင်းနှင့် ကန့်ကွက်မှုများကြောင့် အောင်မြင်မှု မရှိခဲ့ပေ။

အဆိုပါ ပဒတ္ထိုင်း စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲသည် ယခုအကြိမ်နှင့် ဆိုပါက ၁၀ ကြိမ် ရှိပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ယင်းကျေးရွာတွင် အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေ ၃၀၀၀ ခန့်၊ မူလတန်းကျောင်း နှစ်ကျောင်းနှင့် အလယ်တန်း ကျောင်းခွဲ တစ်ကျောင်းရှိသည်။

The Voice Weekly

ဖေဖော်ဝါရီလ(၂၈)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) - အတွဲ ၃၄ ၊ အမှတ် ၆၆၂

 

ဖေဖော်ဝါရီလ(၂၈)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) - အတွဲ ၃၄ ၊ အမှတ် ၆၆၂


ဒေါင်းယူဖတ်ရှုနိုင်ပါပြီခင်ဗျား



ပြောင်းရွှေ့ပေးမယ့်နေရာ သမီးကလေးရွာသားတွေ လက်မခံ

 
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သမီးကလေးကျေးရွာကနေ ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ထောင်စု ၁၅၇ စုကို နေရာပြန်လည်ချထားပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြေ ၉ ဧကကျော် ၀ယ်ယူပြီး စီစဉ်ပေးခဲ့ပေမဲ့ သမီးကလေး ကျေးရွာသားတွေက မပြောင်းရွှေ့လိုကြဘူးလို့ ပြောပါတယ်။

သမီးကလေး ကျေးရွာသားတွေကို ပြန်လည်နေရာချထားပေးဖို့ တစ်ဧက ကျပ်၂၂ သိန်းနှုန်းနဲ့ ၀ယ်ထားပြီးဖြစ်ကြောင်း လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ပြောပါတယ်။

"ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ အစီအမံပဲ အကုန်အကျခံတာ၊ ဒီတခေါက်သွားမေးတဲ့အခါမှာ အကုန်လုံး သူတို့လိုက်မယ်လို့ ပြောတာလေ၊ ဘာဖြစ်လို့လဲဆိုတော့ တို့က ပိုက်ဆံနဲ့ အကုန်အကျခံဝယ်ရမယ်၊ မင်းတို့မလိုက်ဘူးဆိုရင်တော့ ငါတို့ကလည်း ဝယ်စရာအကြောင်းမရှိဘူး၊ အဲတော့ အကုန်လုံး လိုက်မယ်ပြုမယ်ဆိုရင်တော့ ငါတို့ဒါကို စီမံမယ်ဆိုပြီးတော့ သူတို့ဝမ်းသာအားရပါပဲ"

မြေ၀ယ်ယူထားတဲ့နေရာဟာ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးဘေး ရန်ကုန်တိုင်းဒေသကြီးအတွင်းက လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအုပ်စု ၀ယားကျေးရွာမှာ ဖြစ်ပါတယ်။

အဲဒီမြေနေရာဟာ သူတို့လုပ်ကိုင်စားသောက်ဖို့အတွက် အဆင်မပြေနိုင်တာကြောင့် မပြောင်းရွှေ့လိုတာဖြစ်ကြောင်း လှည်းကူးမြို့နယ် အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ သမီးကလေးရွာသား ကိုခင်လွင်က ပြောပါ တယ်။

"ကျနော့် မိသားစု အကုန်လုံးပေါ့ တစ်ရွာလုံးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ကျနော်တို့ လုံးဝစိတ်မပါဘူးခင်ဗျ၊ ဘာကြောင့်လည်းဆိုတော့ ချပေးတဲ့နေရာတွေက ကျနော်တို့ လုပ်ကိုင်စားသောက်ဖို့နေရာ မရှိဘူးခင်ဗျ၊ ကျနော့်အနေအထားနဲ့ ပြောရင်တော့ အဲဒီနေရာကိုရောက်သွားရင်တော့ လက်နှစ်ဘက်ကို ရိုက်ချိုးသလိုပဲဖြစ်မှာပဲ"

ရွာသားတွေဟာ လက်ရှိခိုလှုံနေရတဲ့ အောင်သဒ္ဓိဘုန်းကြီးကျောင်းကနေ လာမယ့် မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးရမယ်လို့သိရပါတယ်။

RFA Burmese

ဖေဖော်ဝါရီလ(၂၇)ရက်နေ့ ထုတ် ပြည်သူ့ခေတ် ဂျာနယ် - အတွဲ ၄ ၊ အမှတ် ၁၈၆

 

ဖေဖော်ဝါရီလ(၂၇)ရက်နေ့ ထုတ် ပြည်သူ့ခေတ် ဂျာနယ် - အတွဲ ၄ ၊ အမှတ် ၁၈၆
  

ဒေါင်းယူဖတ်ရှုနိုင်ပါပြီခင်ဗျား



ဒုချီးရားတန်း စုံစမ်းရေး အစီရင်ခံစာ သမ္မတကိုပို့

 
 ပြီးခဲ့တဲ့နှစ်က သံတွဲမှာ ဖြစ်ခဲ့တဲ့ မီးရှို့မှုတွေကြောင့် ပျက်စီးမှု မြင်ကွင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာမှာ ပြီးခဲ့တဲ့လက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင် ရဲ့အစီရင်ခံစာကို ဖေဖော်ဝါရီလ ၂၈ ရက် သောကြာနေ့က သမ္မတထံ တင်သွင်းလိုက် ပါတယ်။

ရဲတပ်ကြပ်ကြီး တစ်ယောက် ပျောက်ဆုံးနေပြီး ရွာသားတွေလည်း အသတ်ခံရတာ နေအိမ် မီးရှို့ခံရတာတွေ ရှိခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းဖို့ သမ္မတက ဖွဲ့စည်းပေးခဲ့တဲ့ ကော်မရှင်က လွတ်လွတ် လပ်လပ် တွေ့ဆုံ မေးမြန်းခွင့် ရခဲ့တယ်လို့ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ရွာသူရွာသား ၁ဝဝ ကျော်လောက်နဲ့ တွေ့ဆုံ မေးမြန်းနိုင်ခဲ့တဲ့ အပြင် အဖမ်းခံ ထားရသူ ၁၆ ယောက် ကိုလည်း ထောင်ထဲမှာ တွေ့ခဲ့တယ်၊ အဲဒီထဲက အသက်ကြီးသူ၊ နာမကျန်း ဖြစ်သူ ၅ ယောက်လောက် ကိုလည်း ပြန်လွှတ် ပေးခဲ့ပြီးဖြစ်တယ်လို့ သူက ဆိုပါတယ်။

စွပ်စွဲချက်တွေ အမျိုးမျိုး ရှိနေပေမဲ့ ခိုင်လုံတဲ့ သက်သေ အထောက် အထားတွေတော့ မတွေ့ခဲ့ ဘူးလို့ ပြောပါတယ်။

အခင်း စတင် ဖြစ်ခဲ့တဲ့ ဇန္နဝါရီ ၁၃ ရက်နေ့ ညက ပျောက်ဆုံး သွားခဲ့တဲ့ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ထိခိုက် ဒဏ်ရာ ရရှိခဲ့တဲ့ အထောက်အထား တချို့တွေ့ခဲ့ရ ပေမဲ့ အလောင်း မတွေ့တဲ့အတွက် သေဆုံးပြီးလို့ ကောက်ချက် မချနိုင်ဘဲ ပျောက်ဆုံး သူအဖြစ်သာ သတ်မှတ်ထား ပါတယ်။

အဲဒီညမှာပဲ ပစ်ခတ်မှု တွေကြောင့် သေဆုံး တယ်ဆိုပြီး ဒုချီးရားတန်း ရွာသားတွေ ပြောကြတဲ့ အရေအတွက်ကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူဘဲ ကွဲလွဲနေတယ်လို့ ဆိုပါတယ်။

ဇန္နဝါရီ ၂၈ ရက်နေ့ ညက ရွာမီးလောင်မှုဟာ တပြိုင်တည်း ကွက်ကြား လောင်တဲ့အတွက် မီးရှို့မှုလို့ သုံးသပ်နိုင် ပေမဲ့ ဘယ်သူ့ လက်ချက် ဆိုတာကိုတော့ သုံးသပ်နိုင်ခဲ့ခြင်း မရှိဘူးလို့လည်း စုံစမ်းရေး အဖွဲ့ဝင်တစ်ယောက် ပြောပါတယ်။

အစိုးရဘက်က ပြောသလို ကောက်ရိုး အထုံးတွေ နဲ့ ရှို့တယ်ဆိုတဲ့ အထောက် အထားတော့ မတွေ့ရဘူး၊ အိမ်အမိုးတွေက သက်ကယ်လို အမိုးမျိုး ဖြစ်လို့ မီးလောင် လွယ်တယ်လို့လည်း ဘီဘီစီက မေးမြန်းခဲ့တဲ့ ကော်မရှင် အဖွဲ့ဝင် တွေက ပြောပါတယ်။

အစီရင်ခံစာထဲမှာ မေးမြန်းချက်တွေ၊ တွေ့ရှိချက် တွေကို အစုံအလင် ဖေါ်ပြထားတယ်လို့ ကော်မရှင်အဖွဲ့ဝင် တွေက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မီဒီယာများကိုကြောက်၍ ၀န်ကြီးဦးအောင်မင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိစ္စများအား ဖြေကြားတော့မည်မဟုတ်

 
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

မီဒီယာများအား ကြောက်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိစ္စများအား ဖြေကြားတော့မည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီး ငြိမ်းချမ်းရေးနှင့် ပြန်လည် ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် မီဒီယာများသို့ ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၌ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပြုလုပ်သော နိုင်ငံတော် သမ္မတကြီးနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ၊ စီးပွားရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တက်ရောက်ခဲ့ရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိစ္စများနှင့် ပတ်သက်၍ မီဒီယာများ၏ ၀ိုင်းဝန်းမေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

““ငါလည်း မပြောချင်ဘူး။ မပြောတာ အကောင်းဆုံးပဲ။ တပ်မတော်ပိုင်း လည်း ကျွန်တော်မသိဘူး။ မပြောတာ ပိုကောင်းတယ်။ ဒီ့ထက် ကျွန်တော် ဘာမှ ပြောစရာမရှိဘူး။ ကျွန်တော် မီဒီယာတွေကို ကြောက်သွားတယ်။ လန့်သွားတယ်။ မထိုးဖြစ်တော့ဘူး ပြောတဲ့သူက ရှိတယ်။ ရက်ချိန်းတွေ ပြောင်းတယ်လို့ အပြစ်တင်တဲ့ သူက ရှိတယ်။ ဒါကြောင့်မို့ မပြောတော့ဘူး။ ထိုးတဲ့နေ့ကျမှပဲ ထပ်ပြောမယ်””ဟု ဦးအောင်မင်းက ဆိုသည်။

KNU (ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေ) လော်ခီးလာ စခန်းတွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၆ ရက်တိတိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ““တိုင်းရင်း သားစည်းလုံးညီ ညွတ်မှု”” မှတစ်ဆင့် အုပ်ချုပ်သူ အစိုးရအဖွဲ့အစည်းများ အပါအ၀င် လူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို စုပေါင်း တည်ဆောက်ကြပါရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ယခုအချိန်အထိ ထပ်မံ ဆွေးနွေးနိုင်ခြင်း မရှိဘဲ ရပ်တန့်နေခြင်းအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

““ဒီမိုကရေစီမှာ မီဒီယာကြောက်ဖို့ မလိုပါဘူး။ ကျွန်တော်တို့ မြင်တာ ကတော့ သူတို့အတွင်းမှာပဲ ဖိအားပေး ခံနေရလို့လား ပေါ့ဗျာ။ ကျွန်တော်တို့ကြားတာက တပ်မတော်က လျှော့လွန်းတယ်ပေါ့ဗျာ။ တိုင်းရင်းသားနဲ့ ပတ်သက်လို့ပေါ့။ တကယ်တော့ ဘာမှလျှော့တာ မရှိပါဘူး။ ကျွန်တော်တို့ မြင်တာကတော့ အထိန်းအကွပ်တွေ များလွန်းတယ်””ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ဒုတိယ ဥက္ကဋ္ဌ(၂) ဖြစ်သူ ပဒိုဒေးဗစ်သာကပေါက ပြောသည်။

ယခုကဲ့သို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခြေအနေ အား မေးမြန်း ရာ၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၏ ပြန်လည် ဖြေကြားမှု အပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူများကလည်း တာဝန်ယူမှု တာဝန်ခံမှု မရှိသည့် ဖြေကြားချက် ဖြစ်ကြောင်း ဝေဖန်လျက်ရှိသည်။

““ပြည်ထောင်စုဝန်ကြီး တစ်ယောက်အနေနဲ့သာမက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်နေတဲ့ သူတစ်ယောက် အနေနဲ့ မီဒီယာများကို ကြောက်တဲ့အတွက် မဖြေချင်ကြောင်း၊ မဖြေတာ အကောင်းဆုံး ဖြစ်ကြောင်း ပြောကြားတာဟာ အတော့်ကို အခြေအမြစ် ကင်းတယ်လို့ မြင်ပါတယ်။ သတင်းမီဒီယာ တွေဆိုတာ အစိုးရ၊ လွှတ်တော်နဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေနဲ့ တန်းတူရှိတဲ့ Fourth Pillar ပါ။ ပွင့်လင်း မြင် သာမှု ရှိရမယ်။ တာဝန်ယူရဲမယ်။ တာဝန်ရှိမယ်ဆိုရင် မမြင်ရဲ စရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်။ ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန် လုပ်တဲ့သူတွေအတွက် မီဒီယာမှမဟုတ် ဘယ်သူ့ကိုမှ ကြောက်စရာ လိုမယ် မထင်ဘူးလို့ မြင်မိပါတယ်””ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ခဲ့သည်။

ဝိုင်းမော်

Myanmartandawsint Newspaper