Friday, August 30, 2013

တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်များ စတင်ထုတ်ပေး

တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်များကို နေ့ချင်းပြီး အပြီးသတ်ထုတ်ပေးရန် ပညာရေးဝန်ကြီးဌာန က တရားဝင်ကြေညာပြီးနောက် သြဂုတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်နှင့် နေပြည်တော်တို့၌ စတင် ထုတ်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က The Voice သို့ပြောကြားသည်။
“ဒီနေ့မှ စထုတ်တာဆိုတော့ သိပ်မသိကြသေးဘူး။ ဒါပေမဲ့ အားလုံးကိုတော့ နေ့ချင်းပြီး ဆောင်ရွက်ခဲ့ တယ်” ဟု၎င်းက ထပ်လောင်းပြောဆိုသည်။

အဆိုပါအောင်လက်မှတ် လာရောက်ထုတ်လိုသူများသည် လိုင်စင်ဓာတ်ပုံနှစ်ပုံသာ လိုအပ်ပြီး ကိုယ် စားထုတ်ပေးသူများမှာ ၎င်း၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူအပြင် ကိုယ်စားထုတ်ရမည့် ကျောင်း သား၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူဆပါလိုအပ်ကြောင်း၊ သို့သော် ရန်ကုန်တိုင်းဒေသကြီး အတွင်းက ကိုယ်စားလာရောက်ထုတ်လိုသူများအတွက်မူ သန်းခေါင်စာရင်းဝင် မိသားစုများကိုသာ ခွင့်ပြုမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောကြားသည်။
ယင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကိုယ်စားထုတ်ယူသူများသည် သန်းခေါင်စာရင်းမိတ္တူ ပါလိုအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် နေ့ချင်းပြီး ပထမဆုံးစတင်ထုတ်ပေးသည့်နေ့တွင် ရန်ကုန်မြို့၌ ၇၀ ဦးနှင့် နေပြည်တော်၌ ၁၈ ဦးတို့ကို ထုတ်ပေးခဲ့ကြောင်း အဆိုပါစာစစ်အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

The Voice Daily
Vol.1, No.123, August 29, 2013

No comments:

Post a Comment