Wednesday, July 31, 2013

ရန်ကုန်မြို့၏ ရုံးခန်းငှားရမ်းခ အမေရိကန်နိုင်ငံ မန်ဟက်တန်မြို့ထက် ဈေးကြီး

 
ရန်ကုန်မြို့၏ ရုံးခန်းငှားရမ်းခ ဈေးနှုန်းမှာ အမေရိကန်နိုင်ငံ၊ မန်ဟက်တန်မြို့ထက် ဈေးကြီးမြင့်နေကြောင်း Bloomberg သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။


ရန်ကုန်မြို့လယ်ရှိ ၁၉၉၀ ပြည့်လွန် ကာလအတွင်းက ဆောက်လုပ်ခဲ့သော အဆောက်အအုံအချို့တွင် ရုံးခန်းငှားရမ်းခမှာ တစ်စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၁၀၀ ခန့် ရှိနေပြီး မန်ဟက်တန် မြို့လယ်ကောင်တွင်ပင် တစ်စတုရန်းပေလျှင် ၇၅ ဒေါ်လာသာ ရှိနေသဖြင့် ရန်ကုန်မြို့က ပိုမိုဈေးကြီးမြင့်လျက် ရှိသည့်အပြင် နေရာမှာလည်း အရေးပေါ် ထွက်ပေါက်များ မရှိသလို သန့်ရှင်းမှုမှာလည်း အားနည်းနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ပွင့်လင်းလာမှုကြောင့် နိုင်ငံတကာမှ ကုမ္ပဏီများ၏ စိတ်ဝင်စားမှုများ တိုးတက်လာပြီး စီးပွားရေးမြို့တော် ရန်ကုန်တွင် စီးပွားရေး ရုံးခန်းများ ဖွင့်လှစ်လုပ်ကိုင်နိုင်ရန်မှာ စတုရန်းပေ ၈ ဒသမ ၇ သန်း (စတုရန်းမီတာ ရှစ်သိန်း) လိုအပ်နေကြောင်း Yoma Strategic Holdings.Ltd ၏ ခန့်မှန်းချက်အရ သိရသည်။

လက်ရှိ မြို့ပြရင်းနှီး တည်ဆောက်မှုများ ပြုလုပ်နေသည့် ကုမ္ပဏီများကြောင့် ၂၀၁၅ ခုနှစ်အကုန်တွင် ရန်ကုန်၌ ရုံးခန်းဧရိယာပေါင်း (စတုရန်းပေ ၁ ဒသမ ၉ သန်း) ရရှိလာမည် ဖြစ်သည်။ လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ ရုံးခန်းဧရိယာပေါင်းမှာ စတုရန်းပေ ခြောက်သိန်းသာရှိကြောင်း ပွဲစားကုမ္ပဏီ တစ်ခုဖြစ်သည့် Colliers International UK Plc ၏ ခန့်မှန်းချက်အရ သိရသည်။

ယခုလက်ရှိ ဆောက်လုပ်သမျှသည်ပင် ချက်ချင်းတိုးပွားလာနေသည့် လိုအပ်ချက်များကို ပြည့်မီနိုင်မည် မဟုတ်ဘဲ လိုအပ်ချက် ပမာဏများစွာ ရှိနေဦးမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံတွင် အများပိုင် ကုမ္ပဏီအဖြစ် စတော့အိတ်ချိန်း စာရင်းဝင်ထားသည့် Yoma ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာက ပြောကြားသည်။


Ref : EMG

No comments:

Post a Comment