Sunday, July 28, 2013

မြို့ပြနှင့်ကျေးလက် လူနေမှု အဆင့်အတန်း ကွာဟချက် အလွန်ကြီးမားလာသည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

ဇွန် ၂၇ ရက်က နေပြည်တော် ကောင်စီနယ်မြေရှိ စက်မှုလယ်ယာ စံပြစိုက်ခင်းသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သွားရောက်လေ့လာစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)

မြို့ပြနှင့် ကျေးလက်လူနေမှု အဆင့်အတန်း ကွာဟချက် အလွန်ကြီးမားလာသည်ဟု သမ္မတဦးသိန်းစိန်က ဇူလိုင် ၂၈ ရက်က နေပြည်တော် အလျင်လိုကျေးရွာရှိ ပုလဲသွယ် စပ်မျိုးစပါးဧက (၄၄၀) နွေစပါး ကောက်ရိတ်သိမ်းပွဲ အခမ်းအနားတွင် အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

ယင်းကဲ့သို့ မြို့ပြနှင့် ကျေးလက်လူနေမှုဘ၀ အဆင့်အတန်း အလွန်ကွာဟချက် ကြီးမားလာခြင်းကြောင့် ကျေးလက်နေ တောင်သူလယ်သမားများမှာ ပင်ပန်းဆင်းရဲသည့် လယ်ယာလုပ်ငန်းကို စွန့်ခွာကြပြီး မြို့ပေါ်တိုးဝှေ့ ရွှေ့ပြောင်းလျက်ရရာ ကျပန်းအလုပ်များကို ရှာဖွေလုပ်ကိုင်နေကြခြင်းသည် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေသည့် လုပ်ငန်းအပေါ် အဓိက စိန်ခေါ်နေသည့် အချက်တစ်ချက် ဖြစ်ကြောင်းလည်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။
စဉ်ဆက်မပြတ် လူနေမှု အဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက် လာနေသည်နှင့်အမျှ လူနေအိမ်ရာများနှင့် မြို့ပြအခြေခံ အဆောက်အအုံများကို တိုးချဲ့တည်ဆောက်ရန် လိုအပ်ချက်များကြောင့် စိုက်ပျိုးနိုင်သည့်မြေများ လျော့နည်းလာနေ ရခြင်းဖြစ်ကြောင်း၊ လိုအပ်သည့် ခေတ်မီစက်ကိရိယာများအား ငွေကြေးအကျိုးအမြတ်ကို ပဓာန မထားဘဲ ပါဝင်ရင်းနှီး မတည်စိုက်ထုတ် ကူညီအကောင်အထည် ဖော်ပေးနေကြသော လုပ်ငန်းရှင် ကုမ္ပဏီများကိုလည်း ဂုဏ်ပြုကျေးဇူးတင်ကြောင်း ၎င်းကပြောကြားသည်။
ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ လယ်ယာမြေများအား ကုမ္ပဏီကြီးအချို့က အဆိုပါ လယ်ယာမြေပိုင်ရှင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်ဟုဆိုကာ လယ်ယာမြေ သိမ်းယူမှုများ ရှိခဲ့ပြီး လက်တွေ့တွင် အကျိုးတူ ပူးပေါင်းလုပ်ဆောင်မှုများ မရှိဘဲ အနည်းငယ်သာ လျော်ကြေးပေး ဖယ်ရှားခိုင်းမှုများ ပြုလုပ်ခဲ့သောကြောင့် တောင်သူလယ်သမားများက ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်ထိလည်း ဆန္ဒပြမှုများ ရှိနေဆဲဖြစ်သည်။
ထို့ပြင် ရန်ကုန်မြို့ အနီးဝန်းကျင်ရှိ လယ်ယာမြေများကို ကုမ္ပဏီကြီးအချို့မှ အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းထားမှုများရှိပြီး တောင်သူများ၏ ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ နေပြည်တော် တည်ထောင်စဉ်ကလည်း လယ်ယာမြေ သိမ်းဆည်းမှု အများအပြား ရှိခဲ့ကြောင်း သိရသည်။
 
First Eleven Media Group

No comments:

Post a Comment