။ ၂၀၁၃/၂၀၁၄ ပညာသင်နှစ်အတွင်း သင်ကြားရန် မူလတန်းအဆင့် ရခိုင်စာသင်ရိုး စာအုပ်များ
ကို
လာမည့် သြဂုတ်လ ၁၅ ရက်နေ့တွင် တနိုင်ငံလုံးရှိ အစိုးရကျောင်းများသို့
စတင်ပေးပို့တော့မည်ဖြစ်ကြောင်း ရခိုင်စာ သင်ရိုးညွှန်းတမ်း ရေးဆွဲရေး
ကော်မတီမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
အဖွဲ့ဝင် ၂၇ ဦးပါ
ရခိုင်စာ သင်ရိုးရေးဆွဲရေး ကော်မတီက မတ်လ ၉ ရက်နေ့မှ ဧပြီ ၇ ရက်အတွင်း
“သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း” များအတွက် သင်ရိုးများ ရေးဆွဲခဲ့ပြီးနောက်
ပညာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဇူလိုင်လ ၃၀ ရက်နေ့မှစ၍
ပုံနှိပ်နေခြင်း ဖြစ်သည်။
“သင်ရိုးစာအုပ် အားလုံးကို လာမယ့် သြဂုတ်လ
၁၅ ရက်နေ့မှာ အပြီးသတ် ပုံနှိပ်မှာ ဖြစ်ပြီးတော့ အဲဒီနေ့မှာပဲ
တနိုင်ငံလုံးမှာရှိတဲ့ ရခိုင်စာ သင်ယူမယ့် အစိုးရ ကျောင်းတွေကို စ
ပို့သွားမှာ ဖြစ်ပါတယ်” ဟု ကော်မတီ အတွင်းရေးမှူး ဦးဇော်ဝင်းနိုင် က
ပြောသည်။
ယခုနှစ်အတွက် ရခိုင်သင်ရိုး အုပ်ရေ နှစ်သိန်းကျော် ပုံနှိပ်မည်ဖြစ်ရာ တနိုင်ငံလုံးရှိ စာသင်ကျောင်း ပေါင်း ၂,၅၂၄
ကျောင်းတွင် သူငယ်တန်း ၈၃,၇၀၁ ဦး၊ ပထမတန်း ၇၉,၆၄၂ ဦး၊ ဒုတိယတန်း ၅၅,၄၄၅ ဦးတို့ စာရင်း ပေးသွင်းထား
ပြီး စာသင်သားပေါင်း ၂၁၈,၇၈၈ ဦးတို့ ရခိုင်စာ သင်ကြားကြမည်ဟု ပညာရေးဌာနမှ သိရသည်။
သြဂုတ်လအမီ
သင်ကြားနိုင်ရန် အားထုတ်ခဲ့သော်လည်း သင်ရိုး ရေးဆွဲပေးပို့မှု နောက်ကျပြီး
ဆရာကိုင် ပြုစုခြင်းနှင့် ဆရာများ သင်ကြားရေးဆိုင်ရာ
သင်တန်းပို့ချခြင်းများအတွက် နောက်ထပ် အချိန်ပေးရန် လိုအပ်နေ သေးသည်ဟု
ဦးဇော်ဝင်းနိုင်က ခန့်မှန်းသည်။
ရခိုင်စာနှင့် ဗမာစာ
ကွဲပြားခြားနားပုံနှင့် ပတ်သက်၍ ဦးဇော်ဝင်းနိုင် က “ဝေဖန်
အကြံပြုချက်တွေမှာ တချို့က ရခိုင်စာနဲ့ ဗမာစာဟာ အတူတူပဲ မဟုတ်လားလို့
မေးတာတွေလည်း ရှိပါတယ်။ အက္ခရာ အသုံးပြုတာချင်း တူနေရုံနဲ့ ဘာသာစာပေချင်း
တူတယ်လို့ ပြောမရပါဘူး။ ရခိုင်ပြည် မြောက်ဦးခေတ် နှောင်းပိုင်း
ရခိုင်အက္ခရာ အရေးအသားနဲ့ ဒီကနေ့ ဗမာအက္ခရာ အရေးအသားဟာ တူနေတာ မှန်ပါတယ်။
ဒါပေမယ့် အက္ခရာ တူနေရုံနဲ့ စာအားလုံးတူတယ်
လို့ ပြောမရပါဘူး။
ဘာသာစာပေရဲ့ အခြားအရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ဝေါဟာရ အသံထွက်၊
အခေါ်အဝေါ်နဲ့ ဝါစင်္ဂ အပိုင်းတွေမှာ လုံးဝ ကွဲပြားနေတာ တွေ့ရတယ်။ ဒါကြောင့်
ဘာသာစာပေရဲ့ ဂုဏ်အင်္ဂါအရ ရခိုင်စာနဲ့ ဗမာစာဟာ မတူဘူးလို့ ဆိုရပါမယ်” ဟု
သုံးသပ် ပြောဆိုသည်။
ကော်မတီဝင် ရခိုင်သမိုင်း သုတေသီ အသျှင်ကောသလ္လ
(ဂဝေသီ) ကလည်း အကြံပြုခြင်းများကို ကြိုဆိုလိုက်ပြီး “လက်တွေ့ သင်ကြားရာမှာ
ရခိုင် ဒေသိယ စကား ကွဲပြားမှုများကြောင့် မြို့နယ်တချို့မှာ ဝေါဟာရ၊
အခေါ်အဝေါ်
များနဲ့ ပတ်သက်ပြီး အခက်အခဲများ ရှိလာနိုင်လို့ အမျိုးသားရေးအမြင်နဲ့ မျှမျှတတ ညှိနှိုင်းဆောင်ရွက် သွားရမည်” ဟု မိန့်ကြားသည်။
ရခိုင်စာ
သင်ကြားရာတွင် “အစိုးရအနေဖြင့် ကျောင်းချိန်တွင်း သင်ကြားခွင့်ပြုရန်နှင့်
ရခိုင်သားတိုင်း မသင်မနေရ စနစ်ကို ပြဋ္ဌာန်းသင်ကြားရန်လည်း လိုအပ်သည်” ဟု
ကော်မတီဝင် တဦးက ထောက်ပြသည်။
မူလ သင်ကြားရေးအစီအစဉ်၌ ရခိုင်စာကို
ကျောင်ချိန်ပြင်ပတွင် သင်ကြားရန်နှင့် မယူမနေရ မဟုတ်သည့် အပို ဘာသာရပ်တခု
အဖြစ်ဖြင့်သာ သင်ကြားရန် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ် လမ်းညွှန်ထားသည်။
ရခိုင်တိုင်းရင်းသားများ
အနေဖြင့် ယခုကဲ့သို့ ရခိုင်စာ သင်ခွင့် ရရှိခြင်းမှာ ၁၇၈၄ ခုနှစ်၊ ရခိုင်
ပဒေသရာဇ်နိုင်ငံ ကျဆုံးခဲ့ရပြီး နောက်ပိုင်း နှစ်ပေါင်း ၂၂၈ နှစ်အတွင်း
ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။
စစ်တွေ (မဇ္ဈိမ)။
No comments:
Post a Comment