Wednesday, June 26, 2013

မြန်မာပြည်တွင် ဗုဒ္ဓဘာသာ အစွန်းရောက် လှုပ်ရှားမှုတစ်ခု ရှိနေကြောင်း ပြသသည့် သတင်းပေးပို့ချက်တစ်ခု ဖြစ်သည်ဟု Time Magazine ပြောကြား

တိုင်းမ်မဂ္ဂဇင်း ထုတ်ဝေသည့် ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ Daniel Kile က ဧရာဝတီ သတင်းဌာန၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တိုင်းမ်၏ အပြည်ပြည်ဆိုင်ရာ မျက်နှာဖုံး ဆောင်းပါးသည် ဗုဒ္ဓဘာသာနှင့် ဆက်စပ်နေသော အစွန်းရောက် လှုပ်ရှားမှုတစ်ခု မြန်မာပြည်တွင် ရှိနေကြောင်း ပြဆိုသည့် တွေးစရာကောင်းသော ကောင်းမွန်သည့် သတင်းပေးပို့ချက်တစ်ခု ဖြစ်သည်ဟု အကြောင်းပြန်ထားကြောင်း ဧရာဝတီ သတင်းဌာန၏ မြန်မာပိုင်းတွင် ဖော်ပြထားသည်။
ထို့အပြင် ၎င်းကဆက်လက်ပြီး ဤသို့အရေးပါသည့် ဆောင်းပါးက တင်ပြခြင်းကြောင့် ဆွေးနွေးငြင်းခုံမှု ဖြစ်သည်ကို တိုင်းမ်မဂ္ဂဇင်းက ကျေနပ်သည်ဟုလည်း ရေးသားလိုက်ကြောင်းနှင့် ဆောင်းပါးကို အပြည့်အ၀ ကာကွယ်ရပ်တည်ကြောင်းလည်း ပြောကြားသည်ဟု ဖော်ပြထားသည်။
ထိုဆောင်းပါးကြောင့် လူမှုအင်တာနက် စာမျက်နှာများတွင် လည်းကောင်း၊ ပြည်သူများအကြား၌ လည်းကောင်း သဘောထား ကွဲလွဲမှုများ ရှိနေပြီး ပြည်တွင်းမီဒီယာများက ဦးဝီရသူကို ထောက်ခံခြင်း မဟုတ်သော်လည်း ဗုဒ္ဓဘာသာကို အစွန်းရောက် ဘာသာအနေနှင့် ဖော်ပြမှုအပေါ် ကန့်ကွက်ခဲ့ကြသည်။
အစိုးရ အနေနှင့်လည်း တိုင်းမ်မဂ္ဂဇင်းကို တရားဝင် ကန့်ကွက်ခဲ့ပြီး ဇူလိုင်လအတွက် ထုတ်ဝေသည့် တိုင်းမ်မဂ္ဂဇင်းအား ပြည်တွင်း၌ ဖြန့်ချိခွင့် မပြုကြောင်းလည်း ကြေညာထားသည်။ ထိုသို့ ဖြန့်ချိခွင့် မပြုသည့်အပေါ် အမြင်အမျိုးမျိုး ကွဲပြားနေကြသည်။

Firs Eleven Media Group

No comments:

Post a Comment