0
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများ၌ နှစ်ဖက်တပ်များ ပစ်ခတ်အသုံးပြုခဲ့သော ကျည်ခွံများကို ကောက်ယူကာ သွန်းလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော်နှင့် လက်ဝါးကပ်တိုင်တို့ကို လိုင်ဇာမြို့သို့ ပင့်ဆောင်ရန် ဇွန် ၁၉ ရက် ညပိုင်းတွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ စစ်ပွဲများကြောင့် ပြည်သူများ ကြောက်လန့်ခဲ့ရသော ကျည်ဆန်ခွံများဖြင့် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ နောင်အခါ လက်နက်ကိုင် ဖြေရှင်းခြင်းထက် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး မျှော်လင့်ချက်ဖြင့် ပြုလုပ်ခြင်းဟု သိရသည်။

ထို့အတူ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ ပုဂ္ဂိုလ်များ ရှေ့မှောက် လက်မှတ်ရေးထိုးနိုင်ရန် အစိုးရက စီစဉ်နေပြီဟု သိရသည်။ ဤအတိုင်း အမှန်တကယ် အကောင်အထည် ပေါ်လာပါက ထာဝရ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များ ရှိလာပြီဖြစ်သည်။
ထို့ကြောင့် တတိယမြောက် မိုးရာသီကို ဖြတ်သန်းနေရသော ကချင်စစ်ဘေး ဒုက္ခသည်များ၏ အိမ်ပြန်ချိန် မျှော်လင့်ချက်များ ပိုမိုရှင်သန်လာပြီ ဖြစ်သည်။ မကြာသေးမီက မြစ်ကြီးနားမြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO/KIA အဖွဲ့တို့၏ ဆွေးနွေးပွဲ သဘောတူညီချက် ခုနစ်ချက်ကို အစိုးရနှင့် KIO/KIA တို့ သဘောတူညီထားပြီး ဖြစ်သည်။ တစ်ဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုပေါင်းဖွဲ့ စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးနိုင်ရန် ဆောင်ရွက်နေသည်။
အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ငြိမ်းချမ်းရေး ကိစ္စသည် အဓိက အခန်းကဏ္ဍတွင် ရှိနေပြီး စစ်မှန်သော ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို တိုင်းရင်းသား ပြည်သူလူထုများ လက်တွေ့ခံစား ရရှိရေးအတွက် ဆက်လက်လုပ်ဆောင် ကြရဦးမည် ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတွင်း ညီညွတ်စွာ ပူးပေါင်းဖြေရှင်း ကြရဦးမည့် မပြီးပြတ်သေးသော ပြဿနာများကလည်း ရှိနေပါသေးသည်။ မည်သို့ပင်ဆိုစေ တူတာတွေတွဲလုပ်၍ မတူသည်များကို ညှိနှိုင်းအဖြေရှာကာ လုပ်ဆောင်သွားကြပါရန် The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။

မူရင်းလင့်

Eleven Media Group

Post a Comment

 
Top