ဖွံ့ဖြိုး တိုးတက်မှု နောက် တုံ့ဆိုင်းစွာဖြင့်သာ လိုက်ပါနေရသည့် ဒလမြို့
နယ်၏ အတွင်းပိုင်း ရပ်ကွက်တစ်ခုဖြစ်သော ရာဇသင်္ကြန်ရပ်ကွက်သည် အိမ်ခြေခပ်ကျဲ
ကျဲ။ နွေ ဦးပေါက် ရာသီ၏ စူးစူးရှရှပူပြင်းသောနေပူဒဏ်က ညနေလေးနာရီ ထိုးရန်
မိနစ်ပိုင်းအလိုအထိ အတော်လေး သက် ရောက်နေဆဲဖြစ် သည်။နွေရာသီ၌ ရန်ကုန်မြစ်
တစ် ဖက်ကမ်းရှိ ဒလမြို့သို့ သင်ရောက်ခဲ့မည်ဆိုလျှင် ဒလမြို့၏
သောက်သုံးရေအခက်အခဲများကို မဖြစ်မနေ သင်သိရှိသွားပါလိမ့်မည်။
အကယ်၍ အဆိုပါ ပြဿနာ အတွက် ကူညီဖြေရှင်းချင်သဖြင့် ယင်းမြို့နယ်၏
ရေရှားပါးဆုံးအရပ်ကို မေးမြန်းကြည့်မိမည်ဆိုလျှင်မူ ရာဇသင်္ကြန် ရပ်ကွက်ကို
မြို့ခံများက ညွှန်ပြပါလိမ့်မည်။
”ဒလမှာနေတယ်ဆို ရေမထမ်းတတ်တဲ့သူက မရှိသလောက်ပဲ။ ဘဘဆိုငယ်ငယ်ကတည်းက
ဒလမှာနေလာတာဆိုတော့ ငယ်ငယ်ကတည်းက ရေထမ်းရတယ်” ဟု အ သက် ၆ဝကျော်အရွယ်
ဒလမြို့သား တစ်ဦးဖြစ်သူ ဦးကျော်ဌေးကဆိုသည်။ ၎င်းနှင့် စကားပြောနေချိန်တွင်
သူ့ထံသို့ ရေထမ်းတံပိုးများလွယ်၍ ခပ်သုတ် သုတ်သွား လာနေကြသော လူတစ်စုမှ
တစ်လက်မခွဲပတ်လည်ခန့်ညီ တူညှပ်ထားသည့် ကတ်ထူပြားလေးများကို အဘ အဘ ဟုခေါ်ကာ
ပေးပေးသွားပါသည်။ ပြီးလျှင် ခြံစည်းရိုးများ ကာရံထားသော ရေကန်အတွင်းသို့
၎င်းတို့က တိုက်ရိုက် ဝင်ရောက်သွားသည်။ ထို့နောက် ပြန်ထွက်သွား ကြသည်။
ပြန်ဝင်လာကြလျှင်မူ ကတ်ထူပြားလေးများကို လှမ်း ၍ ပေးသွားကြပြန်သည်။
ယင်းကတ်ထူပြားများမှာအခြားမဟုတ် ၎င်းတို့ မြို့နယ်တွင်း ရေခပ်ချိန်၌သုံးသည့်
တစ်ဆယ်ကျပ်တန် အမှတ်အသား ဖြစ်သည်။ ကန်ရေကိုတစ်ထမ်းလျှင် တစ်ဆယ် ကျပ်ဖြင့်
ရယူရသည်။မြို့နယ်တွင်းရှိကန်အသီးသီးကို ကန်ထိန်းသိမ်းရေးအဖွဲ့များဖွဲ့စည်း၍
ထိန်းသိမ်းကြသည်။ အဆိုပါ ကန်ထိန်းသိမ်းရေးအဖွဲ့များတွင် ကန်နှင့်နီး
သည့်နေအိမ်များမှ ပုဂ္ဂိုလ်များက ဝင်ရောက်ပါဝင်လုပ်ကိုင်ကြခြင်းဖြစ်သည်။
ဦးကျော်ဌေးမှာ ရာဇသင်္ကြန်နှင့် ညောင်တုန်း ရပ်ကွက်အလယ်တွင်တူးဖော်ထားသော
ရာဇသင်္ကြန်ကန်ထိန်းသိမ်းရေးအဖွဲ့၏ ဥက္ကဋ္ဌပင်ဖြစ်သည်။ ၎င်းထံသို့ ကမ်းသွား သည့်
ကတ်ထူပြားလေးများကိုမူ ရေထမ်းရန် တန်းစီချိန်၌ ရေထမ်းမည့်သူများမှ
ရေကန်ထိန်းသိမ်းရေးအဖွဲ့ဝင်များထံတွင်တစ်ကတ်လျှင် တစ်ဆယ်ကျပ်နှုန်းဖြင့်
ဝယ်ယူ ခဲ့ကြခြင်းဖြစ်သည်။
”ဒီလို တစ်ဆယ်တစ်ဆယ်ကောက်လို့ရတဲ့ ငွေနဲ့ပဲ ကန်ကိုခြံစည်းရိုးခတ်ခဲ့တာ
သုံးနှစ်ကြာတယ်။ ကန်အဝင်လမ်းလည်း ဒီငွေနဲ့ပဲခင်းခဲ့တာလေ။ အဘတို့ အငယ်ကဆိုရေ
ထမ်းရတာ လမ်းကမကောင်းဘူး။ ကန်ကိုခြံစည်းရိုး မခတ်ခင်ကလည်း ခွေးတွေ
ဝင်နွားတွေဝင်တယ်။ ဒီကန်ပဲ သောက်ရေကို အဓိကသုံးတာဆိုတော့ ခြံစည်းရိုးကို
ကြိုးစားပြီးဝိုင်းဝန်းခတ်ခဲ့ရတာ” ဟု ဦးကျော်ဌေးက ပြောပြသည်။
ရာဇသင်္ကြန်ကန်၏သက်တမ်းမှာ နှစ်ပေါင်း ၇ဝ ကျော်ကြာမြင့်ပြီဖြစ်သော်လည်း
ယနေ့တိုင် ယင်းကန်ရေဖြင့်သာ ကန်အနီးနေထိုင်သူများ အ
သက်ရှင်သန်နေထိုင်နိုင်ရေး အတွက် အဓိကကျသော သောက်ရေလိုအပ်မှုကို
ဖြေရှင်းနေရဆဲဖြစ်သည်။ ကန်သက်တမ်းကြာမြင့်ပြီဖြစ်သဖြင့် ရေရှည်သုံးစွဲ
နိုင်ရေးအတွက် ကန်ထိန်းသိမ်းရေးအဖွဲ့က ယခင်ကန်မှ
အချိန်ပြည့်ရေခပ်ခွင့်ပေးခဲ့ခြင်းကို နံနက် ၆ နာရီမှ ၈နာရီထိ တစ်ကြိမ်နှင့်
ညနေ ၃နာရီမှ ၅ နာရီထိ တစ် ကြိမ်ပြောင်းလဲသတ်မှတ် ခဲ့သည်။ ထိုမှ တစ်ဆင့်
ညနေ ၄ နာရီမှ ၅ နာရီထိသာ တစ်နေ့ တစ်နာရီခန့် တစ်ကြိမ်သာရေခပ်ခွင့်မူကို
ထပ်မံချ မှတ်လိုက်ပြန်သည်။ လက်ရှိအချိန်၌ ရေကိုစည်း
စနစ်ဖြင့်ခြိုးခြံသုံးစွဲမှုမရှိလျှင် တပေါင်း၊ တန်ခူးတွင်
သောက်သုံးရေပြတ်လပ်မှုကို ၎င်းတို့သည်သာ ခံစားရမည်ကိုတော့ဖြင့် ဒေသခံများကလည်း
သိရှိ ထားပြီးသားပင်ဖြစ်သည်။
ရန်ကုန်မြို့နေလူထု၏သောက်သုံးရေကို ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီက
တာဝန်ယူပေးနေခြင်းဖြစ်သည်။ မြို့နေလူထုမှ ကိုယ်ပိုင်အဝိစီတွင်းတူးခြင်း၊
ကန်များတူးဖော်ခြင်းကလွဲ၍ ကျန်စီမံကိန်းများမှာမူ ရန်ကုန်စည်ပင်မှ
အကောင်အထည်ဖော်ဆောင် ရွက်ပေးထားခြင်းဖြစ်သည်။ သို့သော် လက်ရှိတွင်
ရန်ကုန်စည်ပင်မှ မြို့နေလူထု ၏ ၆ဝ ရာခိုင်းနှုန်း ကျော်ကိုသာ
ရေပေးဝေနိုင်သေးသည်။ ၎င်းထံမှ အခပေး၍ ရေရယူသုံးစွဲသူများအတွက်ပင် အဓိက
ရေပို့ရေပိုက်လိုင်းကြီးများပျက်စီးခြင်း၊ မိုးအလွန်ကာလတွင်
လျှပ်စစ်မီးအခက်အခဲကြောင့်
ရေတွန်းပို့ရသည့်စနစ်များလုပ်ငန်းလုပ်ဆောင်နိုင်မှု နှေးကွေးခြင်း၊
ပြတ်လပ်ခြင်းစသည့် အခက်အခဲများဖြင့် သောက် သုံးရေ ပေးဝေမှုလုပ်ငန်းမှာ
အခက်အခဲ များဖြင့်သာ ရှေ့ဆက်နေရဆဲ ဖြစ်သည်။
ဒလမြို့နယ်သည် ပြည်ထောင်စု
မြန်မာနိုင်ငံတော်၏စီးပွားရေးမြို့တော်ရန်ကုန်မြို့၏မြို့လယ်ကောင် တစ်နည်း
စီးပွားရေးဇုန်နှင့် အနီးဆုံးမြို့နယ် ဖြစ်ပါသည်။ သို့သော်
စီးပွားရေးဇုန်မှ ယင်းမြို့နယ်သို့ ကားလမ်းမပေါက်ပါ။ ခြေကျင်ခရီးဖြင့်လည်း
မရောက်နိုင်ပါ။ ရန်ကုန်မြစ်ခြားထားသဖြင့် သင်္ဘောစီး၍သာသွားနိုင်ပါသည်။
ယင်းအချက် သည် ဒလမြို့ ရေရှားမှုဖြစ်ရပ်အတွက် ပထမဆုံးထောက်ပြရမည့်
ကိစ္စဖြစ်နေပါသည်။ အဖြေမှာ ဒလနှင့်ရန်ကုန်သို့ ခြေကျင်ခရီး
သွားလာနိုင်ရေးအတွက် တံ တားထိုးမည် ဟုဆိုကာ ဆန်းစစ်မှုများသာပြုလုပ်နေပြီး
အမှန်တကယ် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးသည့် စီမံကိန်းကြောင့်ပင်
ဖြစ်သည်။
တံတားထိုးပြီးပါက တံတားပေါ်မှ ပိုက်လိုင်းသွယ်ကာ ရေပေးမည်ဟူသော
ရန်ကုန်စည်ပင်ရေသန့်ဌာန၏ အစီအစဉ်မှာ ဒလမြို့သူမြို့သားများအတွက်
ယနေ့ကာလတွင် အိမ်မက်တစ်ခုမျှသာ ဖြစ်နေပါသေးသည်။ အစိုးရ၏ စီမံကိန်းများမှ
ရေသွယ်တန်းရယူနိုင်မှုမရှိသည့်အပြင် ယင်းမြို့နယ်တွင်း အဝီစိတွင်းများ
တူးဖော်ရာ၌ လည်း ရေင န်များသာ ထွက်ရှိ၍ ကန်ရေကိုသာသောက်သုံးရေအဖြစ် သုံး
စွဲနေရသောကြောင့် တိုးပွားလာသော လူဦးရေ နှင့်ရေရရှိမှုပမာဏ အချိုးအစား
မမျှတမှုဒဏ်ကို ယနေ့ကြုံတွေ့နေရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးမြို့တော် ရန်ကုန်တွင် မိုးတွင်းကာလအလွန်၌
ရေအခက်အခဲ ကြုံတွေ့ရသည့် မြို့နယ်အမြောက်အမြားရှိပြီး နှစ် စဉ်
ရေလှူဒါန်းမှု များကို မျှော်လင့်နေရဆဲမြို့များတွင် ဒလ၊ သုံးခွ၊
ဒဂုံဆိပ်ကမ်းမြို့နယ်များက ထိပ်ဆုံးမှ ရပ်တည်နေဆဲဖြစ်ပါသည်။ အကြောင်းမှာ
ယင်းမြို့ နယ်များ၌ ရေရှည်ပြဿနာကို ငဲ့ကွက်မှု မပြုဘဲ
အဝီစိတွင်းတူးမည်ဆိုလျှင်ပင် ရေချိုရရှိနိုင်ရန်မှာ ဖြစ်နိုင်ခြေ
မရှိသလောက်နည်းပါးခြင်းကြောင့် ဖြစ်သည်။အခြားသော နည်းလမ်းများဖြင့် အစိုးရ၏
အထောက်အပံ့ ရရှိမှုများလည်း မျှော်လင့်နေရဆဲ ကာလသာဖြစ်ကြောင်း မြို့ခံများက
ဆိုပါသည်။
ယင်းမြို့နယ်များအတွင်း ပါဝင်သည့် ဒလမြို့နယ် ၌မူ ညနေသုံးနာရီခွဲခန့်၌
လမ်းမများပေါ်တွင် လူ များစည်ကားလာသည်ကိုတွေ့ရလိမ့်မည်။ ၎င်းတို့ သည်အဝါရောင်
ဆီ ပုံးခွံများကိုပိုင်းဖြတ်ကာ ရေထမ်း တံပိုးတွဲထားသည့်
ရေထမ်းဆိုင်းများကို ကိုယ်စီ ကိုယ်ငှထမ်းပိုး၍ ရေကန်များအတွင်းမှ ရေကိုနေ
အိမ်များသို့ ခေါက် တုံ့ခေါက်ပြန် သယ်ပိုးနေကြပေလိမ့်မည်။ ယင်းမှာ ၎င်းတို့
နိစ္စဒူဝဆောင်ရွက်ရသည့် အရေးတစ်ခုပင် ဖြစ်သည်။
ရန်ကုန်စည်ပင်၏ ရေပေးဝေရေးစီမံချက်များ မှ ကင်းလွတ်မှုများပြားနေဆဲ
ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ် ၆၇ ရပ်ကွက်တွင် နေထိုင်သည့် ဦးတော်မီ ကမူ
အစိုးရ၏ အကူ အညီမရှိ၍ ရေရှားပါးမှုဒဏ်ကို ယနေ့ထိ ၎င်းတို့
ရင်စည်းခံနေရဆဲဖြစ်ကြောင်း ရင် ဖွင့်ပါသည်။ ဒီမိုကရေစီ စနစ်ကူးပြောင်းစ
လက်ရှိ ခေတ်တွင် ၂ဝ၁ဝ ရွေးကောက် ပွဲ ကိုတော့ မဆိုလိုချင်ပါ။ ၎င်းတို့
မဲပေးရွေးချယ်ခဲ့မှု အတော်အသင့်အရာထင်ခဲ့သည့် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်
ပွဲတွင် ၎င်းတို့မြို့နယ်၏ ရေ အခက် အခဲကို ဖြေ ရှင်း ပေး မည်ဟုဆိုသော
အမတ်မင်းများ၏ ကတိကဝတ် ကို လက်ရှိတိုင်မျှော်လင့်နေရဆဲ အခြေအနေပင်ရှိ
နေသေးကြောင်း ဆိုပြန်သည်။
”အမတ်မင်းတွေ ကိုယ်တိုင်တောင် အိမ်ငှား နေရတဲ့အခြေအနေတွေ ကျွန်တော်တို့
မြို့နယ်မှာ ရှိတယ်။ ဒီတော့ သူတို့ ငွေစိုက်ထုတ်ပြီးလုပ်ပေးဖို့ ကိုတော့
ကျွန်တော်တို့ ဘယ်လိုမှ မျှော်လင့်လို့ မရဘူး။ နိုင်ငံတော်က ဘတ်ဂျက်ချပြီး
စီမံပေးမှ အဆင်ပြေမှာ” ဟု ၎င်းတို့ လိုအပ်ချက်အပေါ်တွင် အကောင်အထည်ဖော်ပေးရန်
အစိုးရထံမှ မျှော် လင့်စောင့်စားနေရမှုကို အသံပြုလိုက်သည်။
၎င်းတို့ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အားထားအသုံးပြုရသော သောက်သုံးရေကန်များသည်
ဧပြီလတွင် ရေခန်းမှုစ တင်ဖြစ်ပေါ်ပြီး နေပူချိန် များလာပါက ရေ ကန် များ
ရေညှိတက်ခြင်းဖြစ်ပေါ်ကြောင်း၊ ရေကန်များမှာလည်း အရပ်သားများကသာ ရေအ
ခက်အခဲကြောင့် ကိုယ်တိုင်တူးဖော် ထားခြင်းဖြစ်ပြီး သောက် သုံးရန် သင့်မ
သင့် ကို တိုင်းတာမှုမရှိကြောင်း၊ ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှောမှုများ
ဖြစ် ပေါ်ခြင်းများလည်း ရှိရာသောက်သုံးရေပေါ် သံ သယဝင်မိသည်ဟု
ဒဂုံဆိပ်ကမ်းသား ဦးတော် မီက ၎င်း၏ စိုးရိမ်စိတ်ကို ထုတ်ဖော်ပြောသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်တွင်း အဝီစိတွင်းများတူးမည်ဆိုပါကလည်း ပေ ၆၅ဝ
ဝန်းကျင်အထိ အနက်ရယူမှသာ ရေရရှိသည်ဟု ၎င်းက ဆက်ပြောသည်။ ”စီမံကိန်းရေက
အိမ်တိုင်းကိုမပေးနိုင်သေး တာ။ နိုင်ငံတော်က ဆောင်ရွက်ပေးရင် ဘယ်လောက်
ငွေကြေးအခက်အခဲရှိရှိ ရေကိုမယူတဲ့သူရှိမှာ မဟုတ်ဘူး။
စကားပုံမှာတောင် ထမင်းမ စားရရင် ၇ ရက်အသက်ရှင်လို့ရတယ်။ ရေမသောက်ရရင်
တစ်မနက်နဲ့တင်သေမှာလေ” ဟု ဦးတော်မီက ၎င်းတို့ မြို့နယ်လူထု
ကိုယ်စားပြောလေသည်။
ယခုဘဏ္ဍာနှစ်ဖြစ်သော ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှစတင်၍ ဂျပန်အစိုးရမှ
ရန်ကုန်မြို့၏ ရေ ပေးဝေရေးလုပ်ငန်းအတွက် ဦးစီးဆောင်ရွက်နေ
သည့်ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီသို့ ယန်းသန်း ၇၆ဝ
ကူညီထောက်ပံ့ထားပြီး လာမည့်၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင်ယန်းသန်း ၁ဝ၂ဝ နှင့်
နောင်၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် ယန်းသန်း ၁၂ဝ ကို ဆက်လက်ထောက်ပံ့ပေးရန်
ရန်ကုန်စည်ပင် နှင့် ကတိကဝတ်များ ပြုထားပြီးဖြစ် ကြောင်း
ရန်ကုန်မြို့တော်ဝန်က ဆိုသည်။
ယင်း ထောက်ပံ့ငွေဖြင့် ရေတွန်းစက်ရုံတည်ဆောက်ခြင်း၊
ရေတွန်းစက်များတပ်ဆင်ခြင်း၊ ရေပိုက်ဟောင်းများ အသစ်လဲလှယ်ခြင်း၊ ရေလေလွင့်
ဆုံးရှုံးနေမှုများ တိုင်း တာရန်ဧရိယာများတိုင်းတာခြင်းနှင့် ယင်းဧရိယာတွင်း
မီတာစနစ်သစ်တပ်ဆင်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်သွားမည် ဟု မြို့
တော် ဝန်က ပြောကြား ထားသည်။
မြို့တော်ဝန် ဦးဆောင်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
လက်အောက်ရှိ ရေ နှင့်သန့်ရှင်းမှုဌာနမှ လက်ရှိချိန်ထိ ရေပေးဝေနိုင်မှု
မရှိသေးသော ဒဂုံဆိပ် ကမ်းမြို့နယ်ရှိ ယုဇနဥယျာဉ် မြို့တော်အပါအဝင်
ဒဂုံမြို့သစ်လေးမြို့နယ်၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံမြို့နယ်များနှင့်
သီလဝါ အထူးစီးပွားရေး ဇုန်ကိုပါ ရေပေးဝေ မည့် လဂွန်း ပြင်ရေပေးဝေရေး
စီမံကိန်းသစ်ကို ယခု ဘဏ္ဍာနှစ် အစမှစတင်ကာ အကောင်အထည်ဖော်ဆောင်ရွက် နေကြောင်း
တရားဝင် သတင်းထုတ်ပြန်ထားသည်။ ယင်းစီမံကိန်းမှ တစ်နေ့ရေဂါလန်သန်း ၄ဝ ကျော်
ရရှိနိုင်မည်ဟုလျာထားပြီး နှစ်နှစ်အတွင်း ပြီးစီးအောင်
လုပ်ဆောင်ရန်ရှိကြောင်း သိရ သည်။
လက်ရှိတွင် စည်ပင်သာယာရေးကော်မတီ က ရန်ကုန်လူထုအတွက် ဖူးကြီး၊ ဂျိုးဖြူ၊
လှော်ကား နှင့် ငမိုးရိပ်ဆည်များမှ ရေပေးဝေနေပြီးလက်ရှိ လူ ဦးရေ အတွက်ရေ
လုံလောက်မှုမရှိသေးသည့်တိုင် နောင်လူဦးရေ ထပ်မံတိုးပွားလာမည့် အခြေနေများ
ရှိရာ စီးပွားရေးမြို့တော် ရန်ကုန်အတွက် ကန်များ၊ ဆည်များမှရေ ရယူခြင်း ထက်
မြစ် များမှ သောက်သုံး ရေရရှိရန်ဆောင်ရွက်သွားမည်ဟု ရေရှည်လုပ်ဆောင် ရန်
ချမှတ်ထားသည့် Master Plan ကို ရန်ကုန် စည်ပင်က အကြမ်းဖျင်း ချပြ
ထားပြီးဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပါဝင်သော်လည်း စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပရှိ
နွေရာသီ၌ ရေပြတ်လပ်မှုဒဏ် နှစ်စဉ်ခံစားနေရသော သုံးခွမြို့မှာမူ
ရန်ကုန်စည်ပင် မှအကောင်ထည်ဖော် နေသည့် စီမံကိန်းများအပေါ်
ငေးကြည့်ခွင့်သာရှိပါသည်။ သုံးခွမြို့သားဦးကျော်စိုး၏ အဆိုအရဒေသ
ခံများအနေဖြင့် အစိုးရကချထားပေးသည့် ၎င်းတို့ မြို့နယ်အတွက်
ဒေသဖွံဖြိုးရေးရန်ပုံငွေ သိန်းတစ် ထောင်ကို ရေရရှိရေးကဏ္ဍအတွက်သာ ဦးစားပေး
အကောင်အထည်ဖော်ပေးစေလိုသည်ဟုသိရသည်။ ”သန်လျင်ကနေ ရေတိုက်ရိုက်
ပိုက်လိုင်းချပြီး သွယ်ပေးမယ်လို့ကြားတယ်။ ဒါဆိုရင်တော့ အဘတို့
အတွက်အဆင်ပြေပြီ” ဟု ဦးကျော်စိုးကပြောသည်။
မည်သို့ဆိုစေ ဦးကျော်စိုးတို့ သုံးခွသားများနှင့် နှိုင်းယှဉ်ပါက
ရေကံကောင်းသည်ဟု ဆိုနိုင်သည့် စည်ပင်နယ်နိမိတ်တွင်းနေထိုင်သူများမှာမူ
လိုက်နာ ရန် လိုသည့်လူ့ကျင့်ဝ တ်အချို့ရှိနေပါသည်။
ယင်း မှာ ရန်ကုန်စည်ပင်မှရေဆက်သွယ်ထားသော ရေ ဆက်သွယ်မှုအားလုံးကို
မီတာတပ်ဆင်ထားမှု မရှိ သေးခြင်းနှင့်လည်း ဆက်စပ်နေပါသည်။ ယင်းကဲ့
သို့မဆောင်ရွက်နိုင်သေးခြင်း အတွက် နေအိမ်များမှ ရေဖွင့်ထားပြီး
ရေပိုက်ခေါင်းပြန်လည်ပိတ်ခြင်း မရှိဘဲ ရေလေလွင့်မှုများ
ရှိနေခြင်းဖြစ်ပါသည်။ ထို့အပြင် ရေပို့ ပိုက်လိုင်းများပျက်စီးနေခြင်းနှင့်
နေအိမ် များမှ ရေသွယ်တန်းပိုက်ငယ်များ ပျက်စီးနေမှု ကြောင့်
တစ်နေ့ရေပေးဝေနေမှု ဂါလန်သန်း ၁၈ဝ ကျော် တွင် ရေလေလွင့်ဆုံး ရှုံးမှု ၄ဝ
ရာခိုင်နှုန်းခန့် ရှိနေကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။
”ရေက ပုံမှန်မလာတော့လာတဲ့ အချိန်ဆိုအဆင်သင့်ဖြစ်အောင်ဆိုပြီး
ရေပိုက်ခေါင်းတွေကို ဖွင့်ထားတယ်။ ညဘက်ကြီးလာတော့ ပြည့်တော့
မသိဘူးလျှံနေရော။ အိမ်အောက်တွေမှာဆို နွေ ရောက်တဲ့ထိရေမခြောက်ဘူး။ ရေမရဘူး။
မရဘူးလို့လူတွေကပြောကြတယ်။ သူတို့ကလည်း စည်းကမ်းမရှိတာပါတယ်” ဟု
ဒဂုံမြို့သစ် အရှေ့ ပိုင်းတွင် နေထိုင်သူ ဒေါ်မြအေးက ပြောသည်။
သို့ဖြစ်ရာ သောက်သုံးရေခက်ခဲမှုဒဏ်ကို ခံစားနေရသည့် ပြည်သူများအတွက်
အစိုးရမှ အကောင်အထည်ဖော်မပေးနိုင်မှုကို တင်သင်အပြစ် တင်
ပြောနေရုံဖြင့်မပြီးပါ။ သင့်ပေါ့ဆမှုကြောင့် ဆုံးရှုံးသွားသော ရေသည် သင်၏
တစ်ပြည်တည်း သားများအတွက် နေ့စဉ်လိုအပ်နေ သည့် သောက်သုံးရေတစ်ခွက်လည်း
ဖြစ်နိုင်သည် မဟုတ် ပါလော။
ဝေမာထွန်း
Popular Myanmar News Journal